ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အလုံးစုံကို စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီဆီကနေ သိမ်းဆည်းရမိလိုက်တဲ့ လက်နက် ခဲယမ်းများစွာကို CDF-Mindatက ပုံနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အမည်နဲ့ ဆင်နွဲနေတဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းကို ဒီဇင်ဘာ ၂၁ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။ဒီဇင်ဘာ ၁၅ရက်နေ့တုန်းကလည်း မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ ရဲစုစုပေါင်း ၁၂၃ဦးနဲ့အတူ ၎င်းတို့ရဲ့မိသားစုဝင်တွေ ချင်းညီနောင်ထံ လက်နက်ချ အညံ့ခံခဲ့ပါသေးတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ မတရားဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ဦးကိုလည်း အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်က အသိပေးထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို မဟာမိတ်တပ်ဖွဲ့တွေဖြစ်ကြတဲ့ Yaw Defense Force (YDF)၊ Yaw Army (YA)နဲ့ မုံရွာခရိုင်တပ်ရင်း(၃) တို့က ဟန်ချက်ညီညီဆင်နွှဲခဲ့ကြတာဖြစ်ပြီး၊ အာရက္ခတပ်တော်(AA)ကလည်း စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူတွေအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်တွေနဲ့ လိုအပ်တဲ့ အကူအညီတွေကို ပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးကာလအတွင်း အသက်ပေးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေနဲ့ အောင်ပွဲရတဲ့အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူး၊ တပ်သားတွေရဲ့ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစားဂုဏ်ပြုတယ်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ချင်းညီနောင်အနေနဲ့လည်း ချင်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
