အာရက္ခတပ်တော် ULA/AA က ထုတ်ပြန်ထားတဲ့ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) ပြဋ္ဌာန်းချက်အရ စစ်သင်တန်းတက်ရောက်အတွက် လူငယ်တွေဟာ ပလက်ဝမြို့နယ်အတွင်းကို ရောက်ရှိလာပြီးဖြစ်တယ်လို့ အာရက္ခတပ်တော် ရဲ့ သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ We Love Paletwa အကောင့်ကနေ ဒီနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။



အဲဒီလို စစ်သင်တန်းတက်ရောက်ဖို့ ရောက်ရှိလာတဲ့ သူတွေကို ပလက်ဝဒေသခံတွေက ဝမ်းပန်းတသာ နဲ့ ရခိုင်စဉ်တော်တီးကြိုဆိုတာတွေကိုလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။



အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၇ ခုထဲက ၁၄ ခုကို စစ်ကောင်စီလက်ထဲက အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်မှာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကိုပြဋ္ဌာန်းပြီးတော့ စစ်မှုထမ်းကိစ္စကို စတင်လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မြောက်ဦးမြို့နယ်၊တောင်ကုတ်မြို့နယ်၊မောင်တောမြို့နယ်က လူငယ်တွေဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို အပြည့်အဝထောက်ခံတယ်လို့ ဆိုကြပါတယ်။
