Home အက်ဆေး ” သံလွင်ရိုး “

” သံလွင်ရိုး “

87
0

ဖူးသိမ်ကျ ရေးသားသည်။

“ရေအော်ရင် လူစားမှာ”တဲ့။ လူကြီးတွေက ကလေးတွေကို ခြောက်လှန့်ကြတယ်။

တကယ်လဲ သံလွင်ရိုးထဲမှာ ရေအော်သံကြားရတယ်။ရေအော်တယ်ဆိုတာ ရေစီးသန်လို့လဲ ဖြစ်နိုင်တယ်။အစီး‌သန်တဲ့ ရေကြောမှာ အရာတခုခုနဲ့ အတားခံရတဲ့အခါ ဝဲကတော့ထိုးပြီး ရေသံထွက်လေ့ရှိတယ်။

ရေစီးသန်တဲ့ ချောင်းရိုးမှာ တံတားလိုအရာ ခံထားရင် တံတားအနီးဝန်းကျင်မှာ ဝဲထိုးပြီး ရေသံ၊ ရေစီးတဲ့အသံ ထွက်လာတာမျိုးပါ။ဘယ်လိုမျိုး စိတ်အစွဲတွေနဲ့ ရေအော်ရင် လူစားမှာလို့ သတ်မှတ်ကြတာလဲတော့ မပြောနိုင်ပါဘူး။

ဒီရိုးထဲမှာ ရေဆင်းချိုးကြတဲ့သူတွေ တနှစ်ကို တယောက်လောက် အသက်ဆုံးရှုံးရတာမျိုးတော့ ရှိတယ်။ ရေမကူးတတ်တာ၊ ခြေချော်လက်ချော်လို့ ရေနစ်တာမျိုးလဲ ဖြစ်နိုင်တယ်။လူစားတယ်ရယ်လို့တော့ ဟုတ်နိုင်ပါ့မလားပေါ့။ သွားရေးလာရေး ဂရုတစိုက်ရှိသူ၊ရေစီးသန်တဲ့နေရာကို အတင့်ရဲပြီး မသွားသူတွေအဖို့တော့ အဖိတ်အစင်ရှိတာမျိုးတော့ မကြားဖူးပါဘူး။

နှစ်စဉ်နှစ်တိုင်း ရေတက်ချိန် ၊ရေကြီးချိန်ဆို ကလေး‌တွေကို သံလွင်ရိုးဘက်မသွားဖို့ ဟန့်တားကြတယ်။မြစ်ကူး၊ချောင်းကူးပြီး ကျောင်းလာတက်ကြတဲ့ ကလေးတွေကိုတော့ မိဘတွေက ဂရုတစိုက် ကျောင်းလိုက်ပို့ပေးကြပါတယ်။

ရေကျချိန်ဆိုရင်တော့ ကျောင်းသားအကြီးတွေက ကလေးတွေကို စောင့်ရှောက်ပြီး ကျောင်းသွားကျောင်းပြန် သံလွင်ရိုးကို ဖြတ်ကြပါတယ်။
သံလွင်ရိုးဟာ ကလေး‌တွေကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ နေရာတခုဖြစ်လို့ပေါ့။တဖက်မှာတော့ စိုက်ပျိုးရေးအတွက် ရေရဖို့ ဒေသခံတွေအတွက်အဓိက အားထားရာ ဖြစ်နေပြန်ပါတယ်။

ဒီလောက်နဲ့မဟုတ်သေးပါဘူး။သွားရေးလာရေးအတွက်ပါ အသုံးဝင်ပါသေးတယ်။ရေတက်ချိန်ဆို ဒီသံလွင်ရိုးကနေပဲ လှေ‌တွေနဲ့ အသွားအလာလုပ်ကြရတာပါ။ကျန်းမာရေး အရေးပေါ်ဖြစ်တဲ့အခါ ခရီးမြန်မြန်ရောက်ဖို့ အားကိုးအားထားပြုရာ‌ ရေလမ်းကြောင်းလဲ ဖြစ်နေပါတယ်။

ရေဒီယိုဇာတ်လမ်းထဲက သံလွင်ရိုး

မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာ လမ်းတလမ်းရဲ့အကြောင်း ၊မြစ်တစင်းရဲ့အကြောင်း ၊ရွာတရွာရဲ့အကြောင်း ၊ စိတ်ဝင်စားစရာအကြောင်းအရာတခု၊ ပုံပြင်တပုဒ်၊ တသသပြောစရာ အဖြစ်အပျက်‌တွေ ရှိမှာပါ။ဒီအထဲကမှ သံလွင်ရိုးအကြောင်း ရေဒီယိုဇာတ်လမ်းတပုဒ် ရှိခဲ့ဖူးပါတယ်။

ရေဒီယိုဇာတ်လမ်းအဖြစ် ဖော်ပြခံရဖူးလို့ သံလွင်ရိုးဟာ သူ့ကိုယ်သူ ဂုဏ်ယူနေလောက်ပါတယ်။ဇာတ်လမ်းမှာပါတဲ့ အဖြစ်အပျက်ကတော့ သူ့ကို မျက်နှာငယ်စရာလဲ ဖြစ်နိုင်ပါသေးတယ်။ ကောင်းကင်ပြင်တခုလုံး မိုးကြီးလေကြီးကျဖို့ အုံ့ဆိုင်း မဲမှောင်နေပါတယ်။အချိန်ကာလအဖြင့်တော့ ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ကာလပေါ့။မိုးဦးကျ လေဦးကျမဟုတ်ပေမယ့် သဲသဲမဲမဲရွာချဖို့ စိုင်းပြင်းနေပါတယ်။

ကျောင်းခန်းထဲက ကျောင်းသူကျောင်းသားတွေက တနေကုန် သင်ကြားခြင်းတွေနဲ့ မွန်းကြပ်နေချိန်လဲ ဖြစ်ပါတယ်။ကျောင်းဆင်းချိန်နီးလေလေ ကျောင်းရုံးခန်းထဲက ကျောင်းပြာတာတယောက် ထွက်လာပြီဆို တရက်တာရဲ့ နောက်ဆုံး ကျောင်းဆင်းခေါင်းလောင်း ထိုးသံကြားရတော့မှာကို အပိုင်တွက်လို့ ရနေပြီကိုး။

တချို့လူတွေဆို ပြာတာကြီး ခေါင်းလောင်းရှိတဲ့နေရာကို သွားနေတာမြင်လိုက်တာနဲ့ အရှေ့မှာ စာသင်နေတဲ့ ကျောင်းဆရာ၊ဆရာမကို ဂရုမစိုက်တော့ဘဲ စာအုပ်တွေ ဘောပင်တွေကို သိမ်းနေကြပါပြီ။ခေါင်းလောင်းသံကြားတာနဲ့ အရံသင့် လွယ်အိတ်ကောက်လွယ်ရုံလေးပဲ။

ကျောင်းပြန်ချိန် မိုးရွာရင်တော့ ပျော်ကြတဲ့ကလေးတွေက များပါတယ်။တနေကုန် ကျောင်းခန်းထဲ မွန်းကြပ်သမျှ လွတ်လပ်သွားကြတဲ့ အချိန်လဲ ဖြစ်နေတာပါ။ ကျောင်းဆင်းချိန် အိမ်ပြန်ခရီးတွေမှာတော့ တချို့က ကုန်းလမ်းခရီး ၊တချို့က မြစ်ကူး၊ ချောင်းကူး ပြန်ကြရတာပါ။

ချောင်းကိုကူးပြန်ကြသူတွေဟာ သံလွင်ရိုးကို မဖြစ်မနေ ဖြတ်ကြရတာဖြစ်ပါတယ်။မိုးလေကြီးတဲ့ ညနေဖြစ်လို့ ကျောင်းဆင်းချိန်မှာ လမ်းမသာခဲ့ကြပါဘူး။
လေတိုက်ချိန် တံတားပေါ်က ဖြတ်ကူးဖို့ဆိုတာ ခွန်အားစိုက်ထုတ်ကြရတာဖြစ်လို့ အားနည်းလှတဲ့ကလေးတွေအဖို့တော့ သံလွင်ရိုးတံတားကို ဖြတ်ကူးဖို့ မလွယ်ကူပါဘူး။

ကလေးတယောက် လေတိုက်တဲ့အရှိန်နဲ့ ရေထဲကျသွားပါတယ်။အနားကကလေးတွေက အော်တဲ့သူကအော်၊ အကူအညီပေးဖို့ တောင်းခံတဲ့သူက တောင်းခံပေါ့။
သူတို့အသံကို ဝေးဝေးလံလံကလူတွေတော့ မကြားနိုင်ပါဘူး။အကြောင်းက သဲကြီးမဲကြီး ရွာချနေတဲ့ မိုးသံလေသံတွေက ကလေးတွေရဲ့အသံကို အုပ်စီးထားလို့ပဲ ဖြစ်ပါတယ်။

အနားရှိတဲ့သူ‌တွေဆီက အကူအညီရဖို့ဆိုတာ သူတို့အော်ပြောနေတဲ့အသံကို ကြားရမှဖြစ်မှာကိုး။ကလေးတွေအော်သံကို ပထမဆုံး စကြားတဲ့သူတွေက ကြက်ခြေနီအဖွဲ့ပါ။ ကြက်ခြေနီအဖွဲ့က ကလေးတွေ သွားရေးလာရေး ၊တံတားကြံ့ခိုင်မှုရှိမရှိ လာရောက်စစ်ဆေးတာနဲ့ တိုက်ဆိုင်နေတာပါ။

အော်ဟစ်အကူအညီတောင်း‌နေတဲ့ ကလေးတွေရော ၊ရေထဲကျသွားပြီး မြုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့ကလေးကိုပါ တွေ့တွေ့ချင်း အဖွဲ့ခေါင်းဆောင်က ရေထဲ ဒိုင်ဗင်ထိုးဆင်းပြီး ကလေးကို ဆယ်ကယ်ပါတယ်။ ရေထဲကျချိန်နဲ့ ကယ်ဆယ်ချိန်ဟာ အချိန်မကြားလိုက်ပါဘူး။ ဒီလိုအချိန်မှီ ကယ်တင်လိုက်နိုင်တဲ့အတွက် ကလေးက အသက်ချမ်းသာရာ ရသွားပါတယ်။

သံလွင်ရိုးတံတားမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တခုကို ကြက်ခြေနီ ၊ကျောင်းတာဝန်ရှိသူနဲ့ ကလေးမိဘတွေသာ ဒီအကြောင်းကို သိကြပါတယ်။ ရေထဲကျတယ်၊ရေနစ်တယ်ဆိုတဲ့ အဖြစ်အပျက်တွေက သာမန် ဖြစ်ရိုးဖြစ်စဉ် တခုလိုတောင် ဖြစ်လို့ပေါ့။

တရက်မှာတော့ ရေဒီယိုအစီအစဉ်ထဲမှာ သံလွင်ရိုးက အဖြစ်အပျက်တခုကို ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို စီစဉ်တင်ဆက်သူတွေက အသံသရုပ်ဆောင်ကြပြီး ထုတ်လွှင့်သွားပါတယ်။ ဒီလိုထုတ်လွှင့်သွားမှပဲ တဆင့်စကား တဆင့်နားနဲ့ ဆင့်ပွားပြောစရာတခု ရသွားပါတော့တယ်။ ဒီရေဒီယိုထဲကဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ၉၀ ခုနှစ်နှစ်ကာလများဆီက ကြားခဲ့ရဖူးတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။

သံလွင်ရိုးဘေးမှာ ဘောလုံးကွင်းရှိတယ်။အခုဘောလုံးကွင်းတော့ မဟုတ်ဘူး။ အခုဘောလုံးကွင်းက နေ‌ရာပြောင်းထားတာ။နေရာပြောင်းပေမယ့် သံလွင်ရိုးဘေးပဲ။အခုပြောင်းထားတဲ့ ဘောလုံးကွင်းက ကွင်းစတည်တော့ ပုလင်းကွဲတွေချည်းပဲ။ဘောကန်တဲ့သူတွေ ပုလင်းကွဲ မရှဘူးတဲ့သူ မရှိဘူး။

ပုလင်းကွဲထိထားလဲ အနာသက်သာရင် ဆင်းကန်ကြတာပဲ။ဘယ်လိုကြောင့် ကွင်းနေရာပြောင်းလဲတော့ မမှတ်မိတော့ဘူး။အရင်ကွင်းက ဒီထက်ပိုကောင်းတာပေါ့။ဘာဆိုင်တာမို့လို့လဲ။ ကွင်းနေရာလဲ ကျယ်တယ်။ဘောလုံးကွင်းနေရာနဲ့ ပရိသတ်ကြည့်လို့ ရနိုင်တဲ့နေရာက အကျယ်ကြီးပေါ့။အရင်ကွင်းတုန်းက သမိုင်းကြောင်းတွေ အများကြီးရှိခဲ့တယ်။

ဘောလုံးကန်နေရင်း တိုက်ပွဲတွေ ခဏခဏဖြစ်တာ။တချို့တိုက်ပွဲတွေက နာရီပိုင်းလောက် ပစ်ကြခတ်ကြတာ။တချို့တိုက်ပွဲတွေက နှစ်ရက်သုံးရက် ဆက်ဖြစ်တာ။သံလွင်ရိုးတဖက်ခြမ်းမှာ စစ်တပ်ရှိတယ်။

တဖက်ခြမ်းမှာ ကရင်တပ်‌တွေ ရှိတယ်။ရွာထဲကလူတွေ ဘောလုံးကန်ရင် ဟိုဘက်အသင်း ဒီဘက်အသင်း ဝင်ဝင်ကန်ကြတာ။ကရင်တပ်က ကလေးတွေရော စစ်တပ်ဘက်က လူတွေရောပေါ့။ဘယ်သူဘယ်ဝါတော့ ဘယ်သိမလဲ။အရပ်ထဲက ကာလသားတွေက ဘယ်သူက စစ်တပ်က၊ ဘယ်သူက ကရင်တပ်ကလဲဆိုတာ မသိနိုင်ဘူး။

တခါတလေ ဘောလုံးကန်တာ ပွဲကောင်းနေတုန်းရှိသေးတယ် ပစ်ကြရော။တခါတခါ နှစ်ဖက်ပစ်တာ။စ ပစ်တာတော့ စစ်တပ်ဘက်အခြမ်းကပဲ စ,ပစ်တာ။ဘောလုံးကန်နေရင်းနဲ့ သတင်းပေးတွေလဲရှိမှာပေါ့။

ဘယ်တစ်ယောက်က ဘယ်သူပါဆိုပြီး သတင်းပေးချင် ပေးမှာပေါ့။ တခါကဆို ဘောလုံးကန်နေရင်းနဲ့ သူတို့ပစ်ချင်တဲ့သူကို ကွက်ပြီး ပစ်သွားတာ။ထိတာပဲ။ထိတဲ့သူကိုလဲ သူ့အချင်းချင်း မရရအောင် တရွတ်တိုက်ဆွဲပြီး အပါခေါ်သွားတာ။

ကရင်တပ်တွေဘက်ကတော့ ဘောလုံးကွင်း တဖက်ခြမ်းကို ဝင်ပြေးသွားတာနဲ့ ခြေရာလက်ရာပြောက်ပဲ။စစ်တပ်ဘက်ကလဲ ဆက်မလိုက်ရဲကြပါဘူး။သံလွင်ရိုးအကြောင်း ပြောရရင် ဒီဘောလုံးကွင်းကလဲ မပါမဖြစ်ပေါ့။တဆင့်စကား ဖောက်သည်ချကြတဲ့ စကားသံတွေကို ပြန်အမှတ်ရမိပါတယ်။

“ရေဆင်းမချိုးကြနဲ့ ပွေးတွေကူးကုန်မယ်”

ရွာကလူကြီးတွေမှာ အရည်ပြားရောဂါတခုကို ခံစားကြရတာကို ကလေးတွေကြောက်အောင် ခြောက်ပါတယ်။ဒီချောင်းရိုးထဲ ရေဆင်းမချိုးကြဖို့အတွက် တနည်းမဟုတ်တနည်း ဟန့်တားကြပါတယ်။
ကလေးတွေကတော့ လူကြီးတွေမျက်ကွယ်မှာ တရုန်းရုန်းနဲ့ ရေဆင်းချိုးကြတာပါပဲ။သွားလေသူ အဖွားအိုတယောက်က သူ့မြေးတွေကို စာချိုးတခုနဲ့ ပြောပါတယ်။

“သံလွင်ရိုးထဲ ရေဆင်းမချိုးကြနဲ့ ကြွေးယူလို့မဆုံး ပွေးထူတဲ့ကုန်း”တဲ့။ သူ့မြေးတွေ ခိုးပြီးရေဆင်းချိုးမှာကိုမလိုလားတဲ့အတွက် အခုလိုဟန့်တားတဲ့ စာချိုးလေးကို မကြာခဏရွတ်ပြတတ်တာပါ။ ကလေးတွေကတော့ အဖွားအိုရဲမျက်‌ကွယ်မှာတော့ တရုန်းရုန်းနဲ့ ရေဆင်းချိုးကြတာပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here