Home ဆောင်းပါး စွန့်စားရဦးမည့်ဆောင်း

စွန့်စားရဦးမည့်ဆောင်း

104
0

အခုတလော နံနက်အရုဏ်တက်ချိန်တွေမှာ နှင်းပွင့်တွေဝေနေတာကိုတွေ့နေရပါတယ်။
ဆောင်းဟာ အေးမြတယ်။ ဆောင်းရာသီဟာ စိုပြေလန်းဆန်းနေတတ်ပါတယ်။
ဆောင်းဟာ မြူငွေ့တွေ နဲ့ ပွေ့ဖက်ထွေးပွေ့ထားတတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ဆောင်းရောက်လာခဲ့ပြီဆိုတဲ့ အတွေးတွေက ရင်ကိုအေးမြစေမယ့်အစား ပူလောင်လာ စေတယ်။ မမြင်ချင်တဲ့ မြင်ကွင်းတွေကို မြင်နေရတယ်။

မတွေ့ချင်တဲ့ အရာတွေတွေ့နေရတယ်။ မကြား ချင်တဲ့စကားတွေကို ကြားနေရတယ်။ မရောက်ချင်တဲ့ နေရာဒေသတွေကို မိမိရောက်နေခဲ့ရတယ်။ ဒါတွေဟာလည်း ဘဝရဲ့အချိုး အကွေ့တွေလို့ုဆိုရင် ဘဝဟာ ကွေ့ကောက်ကြမ်းတမ်းလွန်လှတယ်လို့ဆိုရပါအုံးမယ်။

လွန်ခဲ့တဲ့နှစ်တွေက ဆောင်းကိုချစ်တယ်။ နှင်းကိုခင်တွယ်မိပေမယ့် ဒီနှစ်မှာတော့ အဲဒီအတွေး တွေက မိမိရင်ကို မအေးနိုင်။ စားသောက်ရေးအခက်အခဲ၊ နေထိုင်ရေးအခက်အခဲ၊ အလုပ် အကိုင်အခက်အခဲ၊ စားကုန် သောက်ကုန်အခက်အခဲတွေကြားမှာ ရုန်းကန်နေကြရတဲ့ စစ်ဘေးရှောင်တွေကို မြင်ယောင်လာမိတယ်။

မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွါပြီး ယာယီတဲတွေ၊ တန်းလျားတွေမှာ လာရောက်နေထိုင်ကြ ရတဲ့ မိသားစုပေါင်းမြောက်များစွာတို့ရဲ့ လူနေမူဘဝမြင်ကွင်း တွေဟာ မျက်ရည် မဆည် နိုင်အောင် ဖြစ်တည်နေကြပေမယ့် စာနာမူကင်းမဲ့လှတဲ့ လူ့အတ္တဘောတွေကတော့ ကောင်းစားနေခဲ့ကြတယ်။ ဝမ်းသာ အားရဖြစ်နေခဲ့ကြတယ်။ ပြည်သူကို စောင့်ရှောက် ရမယ့်အစား ပြည်သူများကို နေ့စဉ် ဗုံးကြဲနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာလူသား မဆန်မူကို ထင်ရှားစေခဲ့တာ အမှန်ပါပဲ။

မယားသေဆုံး၊ လင်သေဆုံးခဲ့ရတဲ့ အသိုက်ပျက်မိသားစုတွေရဲ့ ဘဝကိုမြင်တွေ့ရတာဟာလည်း ရင်ကိုနာ ကျင်ရစေတယ်။ မိမိတို့ရဲ့ ကျေးရွာမှာ မိမိတို့ ကောင်းမွန်စွာနေထိုင်ပါလျက်နဲ့ နှင်ထုတ်ခံခဲ့ကြရတယ်။ ရှိတဲ့ ပစ္စည်းဥစ္စာ၊ ကျွဲ၊ နွား၊ ကြက်ဝက်တွေကိုပါ ထားခဲ့ပြီး ဘေး လွတ်ရာဟု ယူဆရတဲ့နေရာတွေကို တိမ်းရှောင် ခဲ့ကြရတယ်။ အလုပ်အကိုင်မရှိ၊ စားသောက် စရာမရှိဖြစ်ခဲ့ကြရတယ်။ သက်ကြီးရွယ်အိုများအဖို့ စားသောက်ရေး ထက် ကျန်းမာရေးကိစ္စက ပိုအခက်အခဲဖြစ်လာခဲ့တယ်။

ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် အသက်စွန့်ပြီးတိုက်ပွဲ ဝင်နေကြတဲ့ တိုင်းရင်းသားရဲ ဘော်များအား လုံးရဲ့ စိတ်ဓာတ်နဲ့ နှလုံးသားကို အလေးပြုကြ ရမှာပဲ။ တိုင်းရင်း သားများအပေါ် နိုင်ထက်စီးနင်းလုပ် ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း လက်ရှိမှာ အသေအပျောက်များပြီး နယ်ပေါင်းစုံမှာ အရှုံးနနဲ့ရင်ဆိုင် နေကြရပြီဖြစ်ပါတယ်။ နောင်ကိုလည်း ဆက်လက်ရှုံးနိမ့်နေအုံးမှာ မြေကြီးလက်ခတ် မလွဲပါ။ ဒါကြောင့်လည်း တော်လှန်ရေးပန်းတိုင်ဟာ မဝေးတော့တဲ့ လက်တကမ်းအလိုကို ရောက် လာခဲ့ပါပြီ။ အောင်ပန်းဆင်လို့ အောင်နိုင်ခြင်းကို လက်ဝယ်ရရှိလာတော့မှာ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်းရက်က မိမိ ရခိုင်ပြည်နယ်မြောက်ဦးမြို့ကို ရောက်ရှိခဲ့တယ်။ သမိုင်းဝင်မြို့၊ မင်းဆက်ဆက် အုပ်ချုပ်ခဲ့သောမြို့ဟာ မြို့ပြနှင့်မတူ ခြောက်သွေ့နေခဲ့ပြီ။ ဆောင်းနှင်း ပွင့်များအောက်တွင် မြောက်ဦးဟာ ပြန့်ကြဲနေတယ်။ မြောက်ဦးသည် အရိုင်းဆန်နေတယ်။ သွေးရိုးသားရိုးမဟုတ်သော မြင်ကွင်းများက မိမိကိုစိတ် ပျက်စေခဲ့ချေပြီ။ နှင်းမှုန်အောက်မှာ တရွေ့ရွေ့သွားနေတဲ့ အဘွားအိုတစ်ယောက်နဲ့ ကလေးတစ်ယောက် ကိုတွေ့မြင်ရတယ်။ သူတို့ဘယ်ကို သွားကြသလဲဆိုသည်ကို တွေးနေမိတယ်။

အမေမဲ့၊ အဖေမဲ့ခဲ့ရတဲ့ သူ့လိုကလေးတွေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ဘယ်လောက်တောင်ရှိလိမ့်မလဲဆိုတဲ့ အတွေးက ရင်ကိုပူလောင်စေပါတယ်။ ပြည်သူ့အကျိုးကို မသယ်ပိုးဘဲ ပြည်သူတွေ ကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ ကျူးကျော်စစ်ကောင်စီတွေကို သတ်ပစ် ချင်လောက်အောင်ကို မုန်းမိတယ်။ လက်နက်ကိုင်တိုက် ခိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာမိတယ်။ ရင်ထဲအသည်းထဲက မုန်းမိတယ်။

စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ရခိုင်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ တန်ဖိုး မဖြတ်နိုင်တဲ့ အမွေအနှစ်တွေဆိုတာ ဘယ်လိုမှ အစားထိုးမရတဲ့ အရာတွေဖြစ်တယ်။ အဲဒီလိုပဲ တခြားတခြားသော တိုင်းရင်းသားနယ်မြေတွေမှာလည်း တန်ဖိုး မဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးခဲ့မလဲဆိုတာကို တွေးပြီး စိတ်မကောင်းကြီးစွာဖြစ်မိတယ်။

ပြည်သူတွေဟာ မိမိအိမ်မှာ နေထိုင်ရတယ်ဆိုပေမယ့် ဗုံးခိုကျင်းထဲဝင်ရောက်နေ ထိုင်ကြရတယ်။ ဘယ်နေ့ဘယ်အချိန် ဗုံးလာချမလဲဆိုတဲ့ စိုးရိမ်စိတ်က ပြည်သူ့ရင်ကို ပူလောင် စေပါတယ်။ မနက်ဖြန်ဘာ ဖြစ်မလဲဆိုတဲ့ စိတ်နဲ့အတူ ပြည်သူတွေရဲ့စိတ်ထဲမှာ စစ်ကောင်စီအား မုန်းတီးစိတ်တို့ ပိုမိုခိုင်မာ လာခဲ့တယ်။ ထိုသို့ခိုင်မာလာခဲ့တဲ့အတွက်ကြောင့် တော်လှန်ရေးတိုက်ပွဲဝင်ရဲဘော်တွေ တစ်နေ့ထက်တစ်နေ့ များပြားလာခဲ့ လေသလားလို့ တွေးမိပြန်တယ်။

ဆောင်းနှင်းမှုန်အောက်မှာ စပါးခင်းတစ်ချို့ ရွှေဝါရောင်သမ်းလာနေကြပြီ။ မနက်ခင်းရဲ့တောင်ပေါ် မြင်ကွင်းတွေဟာ လွန်စွာလှပနေသေယောင်ရှိပေမယ့် အရင်ဆောင်းများ သဖွယ် မတင့်တယ်ရော့လေသလားဟုပင်တွေးမိပါသေးတယ်။ မိုးစပါးမစိုက်ပျိုးလိုက်ရတဲ့ လယ်ကွင်းအချို့မှာ မြက်ပင်ပေါင်းပင်များက မင်း မူနေကြလေတယ်။ ဒီနှစ် စပါးအထွက် နှုန်းကျဆင်းရင် စားသောက်ရေး ပိုမိုခက်ခဲကြမှာလား။ တခြား နေရာတွေက တင်သွင်း နိုင်မလားဆိုတာကို တွေးတောမရပါ။

တိုက်ပွဲများကြောင့် ပြည်သူများ ဆင်းရဲခြင်းအပေါင်းကို ခံစားနေကြရတဲ့မြင်ကွင်းများကို မကြည့်ရက် နိုင်အောင်ဖြစ်ရတယ်။ အနာရှိသော်လည်း ဆေးမရှိ၊ ရောဂါသိသော်လည်း ကုသမည့်သူမရှိဖြစ်နေကြရတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ထဲမှ အမုန်းတရားဟာ ဘာအတွက်နဲ့မှ ပြေပျောက်လိမ့်မယ်မဟုတ်ပါ။ ခိုင်မြဲသွား တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ပျောက်ပြယ်သွားရိုးမရှိ။ တိုက်ပွဲရှောင်လို့ ခေါ်သူကခေါ်၊ စစ်ရှောင်ဟုခေါ်သူ ကခေါ်နဲ့ အမည်များစွာ ရရှိခဲ့ကြတယ်။ မြေတွင်းထဲ ကြွက်ကလေးတွေလို ပုန်းခိုနေခဲ့ကြရတဲ့ ပြည်သူ တွေဟာ ဆောင်းအအေးဒဏ်ကို အံတုရင်း တိုင်းပြည်ကြီး ငြိမ်းချမ်းလာမည့် တစ်နေ့ကို မျှော်လင့် နေကြ ရတယ်။ စောင့်စားနေကြရတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ၊ ကိုယ့်ပြည်ကိုယ့်မြေမှာ စစ်ကောင်စီကင်းစင် ပြီး ငြိမ်းအေးစွာ လုပ်ကိုင်စားသောက်ဖို့ စိတ်ကူးပုံဖော်ကြည့်နေကြရတယ်။ သို့သော် …..ဘယ်တော့လဲ…။

အမှတ်မထင်တိုက်ခတ်လာတဲ့ ဆောင်းလေနုအေးလေးက အတွေးတွေကို ပြန်လည်ထိမ်း ချုပ်လိုက် ပြန်တယ်။ ဆောင်းနဲ့ဆက်နွယ်နေတဲ့ အကြောင်းအရာများစွာရှိခဲ့ဖူးတယ်။ ဆောင်းရင်ခွင်မှာ ပျော်ခဲ့တယ်။ ဆောင်းရင်ခွင်နဲ့ခွဲခွါခဲ့ဖူးတယ်။ ဆောင်းရာသီမှာ သောကမျက်ရည်ကြွေခဲ့ကြတယ်။ ဆောင်းမှာ ဒုက္ခပင်လယ် ဝေခဲ့ကြတယ်။ ဆောင်းရဲ့ အငွေ့အသက်အောက်မှာ ကြီးပြင်းခဲ့တယ်။ ဆောင်းရောက်တိုင်း သတိရစရာများ စွာဖြစ်တည်လာခဲ့ရတယ်။ အဲတာကြောင့် ဆောင်းဟာ မေ့မရနိုင်တဲ့ ကာလတစ်ခုလို့ ဆိုချင်ပါတယ်။

ဆောင်းရောက်တိုင်း အိမ်ကိုလွမ်းရတယ်။ အခုကဲ့သို့ ကိုယ့်အိမ်၊ ကိုယ်မြေကို စွန့်ခွါပြီး တိုင်းတစ်ပါးမှာ လာရောက်နေထိုင်ခဲ့ရတဲ့ အဖြစ်ကို ပြန်တွေးတိုင်း မျက်ရည်ဝိုင်းမိတယ်။ အသစ်စက်စက်ဆောက်လုပ်ပြီးတဲ့ မိမိနေအိမ်မှာ နေထိုင်ခွင့်မရခဲ့တဲ့ ဘဝတူလူသားတွေ ဘယ်လောက်ရှိလေမလဲလို့ ပြန်တွေးဖြေသိမ့်ရတယ်။ ဆောက်လုပ်ပြီးစ အိမ်၊ ဆောက်လုပ်ဆဲ အိမ်၊ ဆောက်ရန်ပြန်ဆင်ထားဆဲအိမ်၊ အရင်ကတည်းကဆောက်လုပ် ထားတဲ့အိမ်၊ အိမ် ၊ အိမ် အိမ်….. အိမ်များစွာတို့ဟာ ပျက်စီးခဲ့ချေပြီ။ ဖျက်ဆီးခံခဲ့ရတယ်။ နားခိုးစရာအိမ် ကို ရှာမတွေ့တော့ပြီ။ ဘဝရဲ့ အသိုက်အမြုံဖြစ်တဲ့ အိမ်များစွာတို့ ပိုင်ဆိုင်သူနှင့်ဝေးခဲ့ကြ ရပြီ။ စိတ်ဆင်းရဲ ခြင်း၊ ကိုယ်ဆင်းရဲခြင်းများစွာနဲ့ ဘဝရှင်သန်ရေးအတွက် ကြိုးစားကြရ တယ်။ အားထုတ်ကြရတယ်။ ဒါတွေဟာ ဖြစ်ပျက်သဘောတရားတွေ ဖြစ်လေမလားဟု ပြန်လည်တွေးတော စိစစ်မိပြန်တယ်။

ပျောက်ကွယ်နေခဲ့တဲ့ မေတ္တာတရားတွေ၊ လူလူချင်းနိုင်ထက်စီးနင်းလုပ်လိုတဲ့ လူတန်း စားတစ်ရပ်၊ လူတစ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ နိုင်ခဲ့ကြပြီ။ နိုင်ငံသားချင်း၊ လူမျိုးချင်း အတ္တစွဲနဲ့၊ လက်နက်အားကိုးနဲ့အနိုင်ခံဗိုလ် ကျစိုးမိုးနေကြ တဲ့ လူ့ဗာလတွေအမြန်ဆုံးကျဆုံးပါစေဟုသာ ဆု တောင်းနေမိတော့တယ်။

မတည်မြဲတဲ့ သဘောတရားတွေဟာ အစဉ်သဖြင့် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ခေတ်မှာ လက်နက် အားကိုးမြင့်အနိုင်ခံဗိုလ်ကျစိုးမိုးနေတဲ့ စစ်ကောင်စီတပ်တို့် မမြဲတဲ့ သဘောတရားနောက်ကို ထပ်ကြပ် မကွာလိုက်သွားကြရမှာဖြစ်တယ်။ အခုဆောင်း ရောက်ပြီး ပွင့်လင်းရာသီမှာ တော်လှန်ရေး တပ်သားတွေအတွက် အခွင့်အခါကောင်းတွေ ရရှိလာကြပါတော့မယ်။ တိုက်ပွဲတိုင်းကို အောင်မြင်လာကြမယ်လို့ မျှော် လင့်မိပါတယ်။ တောတောင်တွေထဲမှာ ဒုက္ခပေါင်းများစွာကို ရင်ဆိုင်လျက် ကိုယ့်ပြည် ကိုယ်မြေက စစ်ကောင်စီကို တိုက်ထုတ်နေကြတဲ့ တော်လှန်ရေးရေးဘော်များအားလုံး ဒုက္ခဘေးကလွတ် ကင်းဖို့ ဆုတောင်းနေမိပါတယ်။

ခြုံပြောရရင် ဒီနှစ်ဆောင်းဟာ သေနတ်သံတွေ ကြား ဗုံခိုကျင်းထဲက ညများကို ဖြတ်သန်း ရမယ့် ဆောင်းလား၊ စောင်မလုံတဲ့ တဲစုတ်ထဲက လေယာဉ်အလာကို စောင့်ရင်း ရင်တထိတ်ထိတ်နဲ့ နေရမယ့် ဆောင်းလားဆိုတာကို တွေးနေမိပါတော့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here