Home ဆောင်းပါး မိုးပေါ်က ကုန်ဈေးနှုန်းနဲ့ ရေထဲက တံငါသည်များ

မိုးပေါ်က ကုန်ဈေးနှုန်းနဲ့ ရေထဲက တံငါသည်များ

89
0

မိုးအကုန်ဆောင်းအကူးကာလ ညနေခင်းတခုဖြစ်၏။ဆောင်းအကူးကာလ ဆိုသော်ငြားလည်း ကောင်းကင်ယံတွင်ကား တိမ်များဖြင့်ထူထပ်နေလေသည်။ လေအေးအေးလေးတိုက်ခတ်နေ သည့်ကြား မိုးစက်ကလေးများလည်း တပေါက်ပေါက်ကျဆင်းနေသည်။

ချောင်းကမ်းစပ် တစ်ခုအနီးတွင်ရှိသည့် ညောင်ပင်အောက်တွင်ထိုင်နေကြသည့် လူတစ်စုသည်ကား စကား စစ်ထိုးနေသည့်အလား အပြိုင်အဆိုင်လုယှက်ပြောဆိုနေကြသည်။ ယင်းနေရာသည်ကား မြေပုံမြို့နယ်၊ ငမန်းရဲကျွန်း၏ မဟိုင်းချောင်း နံဘေးတွင်ဖြစ်ပြီး ငါးဖမ်းသမားများ၏ ဗဟိုဆိတ် ကမ်း ဖြစ်ပြီး ထိုလူများမှာ ဒီရေတက်ချိန်ကို စောင့်စား၍ ငါးထွက်ဖမ်းကြမယ့် တံငါသည်များ ဖြစ်သည်။

သည်အထဲတွင် ဝကောက်ကြီးကျေးရွာမှ အသက်(၄၀)နှစ်အရွယ် အသားညိုညို ဗလခပ် တောင့်တောင့် နှင့် ကိုကျော်မောင် (အမည်လွဲ)လည်း တစ်ဦးအပါ အဝင်ဖြစ်ပါသည်။ ကိုကျော်မောင်သည် ပေါက်စိန်ကျမြစ်တွင် ငါးသွားဖမ်းရန်အတွက် ဒီရေတက်ချိန်ကို စောင့်စား ၍ တခြားတံငါသည် အသိမိတ်ဆွေများနှင့်အတူ စကားစမြည်းပြောဆိုနေခြင်းဖြစ်သည်။

ကိုကျော်မောင်သည် တို့ဘိုးဘွားမိဘာတွေသည်လည်း တံငါလုပ်ငန်းဖြင့် အသက်မွေး ဝမ်း ကြောင်းပြုသူများဖြစ်သဖြင့် ကိုကျော်မောင်သည်လည်း တံငါးနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသည့်အတိုင်း တံငါလုပ်ငန်းကို ဆယ်ကျော်သက် အရွယ်မှစပြီး အမွေဆက်ခံ လုပ်လာရသူ တဦးဖြစ်သည်။

“ကျနော်က ဒီအလုပ်ကို လုပ်လာတာ နှစ်ပေါင်း ၂၀ လောက်တော့ရှိပါပြီး။ ပြောရရင် မိဘအမွေကို ယူထားတာပေါ့” ဟုကိုကျော်မောင်က သူ့ဝတ်ထားသည့် လုံချည်အား ပြန်လည်ဝတ်ဆင်၍ အားမာန်အပြည့်ဖြင့် ပြောသည်။

ကိုကျော်မောင်တွင် ဇနီးအပါအဝင် သားသမီး ၃ ယောက်ရှိပြီး စုစုပေါင်း မိသားစုဝင်( ၅) ဦးရှိကာ တံငါလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုရဲ့ ကိစ္စအဝဝကို သည်ကနေ့အထိ ဖြေရှင်းပေး လာခြင်းဖြစ်သည်။

“ အိမ်မှာက ကလေးတွေချည်းပဲ။ ကျနော်က အဲဒီကလေးတွေကို ဒီလုပ်ငန်းတစ်ခုနဲ့ပဲ ရှာကျွေးနေတာပါ။ ကျနော်မိန်းမကလည်း အိမ်မှုကိစ္စကလွဲ ဘာမှ အလုပ်မရှိဘူးလေ။ ဒီငါးဖမ်းပိုက် ၂ လက် နဲ့လုပ်စားလာတာပါပဲ။ ” ကိုကျော်မောင်က ဆိုသည်။

ကိုကျော်မောင်မှာ ယခင်ကတည်းက ငါးဖမ်းရာတွင် သူ တစ်ဦးတည်သာ ငါးဖမ်းလေ့ ရှိပေမယ့် လက်ရှိတွင် (၁၀)နှစ်အရွယ် သားဖြစ်သူဟာလည်း ဖခင်နှင့်အတူ ငါးဖက်လိုက်လေ့ရှိသည်။

“အခုသားကြီးက ကျောင်းလည်း မတက်ရတော့ သူကိုလည်း ခေါ်သွားတာပေါ့။ ဒီရေ တက်ချိန် လိုက်ပြီး စောစောထရတဲ့ နေ့တွေဆို သူက မလိုက်ချင်ဘူး။ အတင်းနိုးရတယ်။ ကျနော် တစ်ယောက်တည်းဆိုလည်း ပင်ပန်းတော့ လက်တိုလက်တောက် ခိုင်းဖို့အတွက် ခေါ်သွားရတာပေါ့။ ”ဟု ပြောပြသည်။

သို့သော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ကုန်လမ်းရေလမ်းတွေပိတ်ထားတာ‌ကြောင့် သားငါး ပုစွန်များကို အဓိက ဝယ်ယူလေ့ရှိသည့် ပြည်မနှင့်လည်း ကုန်သွယ်ရေးလမ်း ကြောင်းတွေ ပြတ်တောက်နေသဖြင့် ကိုကျော်မောင်အပါအဝင် တံငါသည်အများစုသည် စားဝတ်နေရေး အကြပ်တည်းများနှင့်ရင်ဆိုင်လာရသည်။

“ အရင်ကတော့ ဈေးကွက်တွေက ရှိပြီးသားပေါ့။ ပိဿကျတဲ့ငါးတွေကို ငါးပုဇွန် အဝယ်ဒိုင်တွေမှာ ရောင်း လိုက်ရင် ရပြီ။ အခုက ငါးအသေးလေးတွေရလာရင် ဝယ်မဲ့လူတွေ လည်းမရှိဘူး။ ငါးတွေက ဈေးသိပ် မရတော့ဘူး။ ပြောရရင်တော့ ငါးအကြီးကြီး ဖမ်းနိုင်မှ လူကြိုက်တာပေါ့။ ဆီဈေးကလည်း ၁၀ ဆလောက် မြင့် တက်သွားတော့ ငါးအကြီးကြီး တစ်ကောင်မှ မဖမ်းမိရင် အဲဒီနေ့မှာ အရှုံးပေါ်ပြီ။ တစ်ရက်တစ်လေ့ ငါး တစ်ကောင်မှ မဖမ်းမိတာလည်းရှိတယ်၊ ငါးမဖမ်းမိတဲ့ရက်တွေ ဆက်သွားရင်တော့ ကျနော်တို့ စားသောက်ရေး အခက်အခဲ ဖြစ်တယ်။ ” ဟု ကိုကျော်မောင်က ဆိုသည်။

ကကရစ်၊ ငါးတန်၊ ငါးရံ့၊ ငါးခူ စသည့်ငါးများမှာ ဈေးကွက်တွင် ဈေးကောင်းရရှိသည့်အတွက် တံငါသည်များက အကောင်းစားငါးများအဖြစ် ညွန်းဆိုကြသည်။ ယင်းအတွက် တံငါသည် များမှာ ယင်းငါးများကို ဖမ်းမိနိုင်ရန်အတွက် ကြိုးပမ်းနေကြရသည်။

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ မတိုင်မှီ က ရခိုင်တွင် ငါး၊ ပုဇွန် ဈေးကွက်များရှိခဲ့ပြီး တချို့ ကမ်းဝေးမှ ဖမ်းမိသည့် ငါးများကို ပြည်တွင်းသို့ တင်ပို့မှုများရှိခဲ့သည်။ကမ်းနီးမှ ဖမ်းဆီးရမိသည့် တစ်နိုင်တစ်ပိုင်း ငါးဖမ်းသမားများ၏ ငါးများကို မိမိဒေသအတွင်းရှိ ဈေးကွက်များတွင်သာ ရောင်းချကြရသည်။

သို့သော်လည်း တိုက်ပွဲကာလ နိုဝင်ဘာလမှ စတင်ကာ လမ်းများပိတ်ဆို့ပြီးငါး၊ပုဇွန် အရောင်းအဝယ် ဈေးကွက်မှာ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ယင်းကဲ့သို့ ငါး၊ပုဇွန် ဈေးကွက် ပျောက်ဆုံးသွားသည့်အတွက် သားငါးပုဇွန်များမှာ ဈေးကွက်ပျက်ပြီး တန်းဖိုးလည်း ကျဆင်းသွားသည်။


ယင်းအတွက် တစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် တံငါသည်များမှာ အကျပ် အတည်များကိုခံစားလာကြရသည်။ သား၊ ငါး ၊ ပုဇွန် ဈေးကွက် ပျက်သွားသည့် ယင်းလုပ်ငန်းတွင် အသက်မွေးဝမ်းကျောင်းပြုလုပ်ကာ မှီခိုနေကြသည့် ကို ကျော်မောင်ကဲ့သို့ တံငါသည်များမှာ ပိုမိုခက်ခဲလာကြသည်။

“ အရင်တုန်းကတော့ ငါးဖမ်းလို့ရှိရင် ပုဇွန်တွေ ရလာတာလည်းရှိတယ်။ အဲဒါတွေကို ပုဇွန်ဒိုင်းတွေမှာ ရောင်းတယ်။ နောက် ငါးတွေ ငယ်ငယ်လေးရရင်လည်း ၄၀ ဆယ်သားကို ၆၀၀၀ လောက်ရတယ်၊ ဘာငါး အမျိုးအစားပဲ ဖြစ်ဖြစ်ပေါ့။ အခုက ကျတော့ ငါးအသေးတွေဆို ဝယ်မယ်လူလည်းမရှိဘူး။ ဈေးလည်းမရဘူး။ ” ဟု နောက်ထပ် တံငါးသည် တစ်ဦးဖြစ်သည့် ပေါက်တောမြို့နယ်၊ ပိုက်ဆိတ် ကျေးရွာမှ ကိုတင်လှ (အမည်လွဲ) ကဆိုသည်။

ယခင်က ပုဇွန် တစ်ပိသာကို ငွေကျပ် တစ်သောင်းကျော်အထိ ရှိခဲ့သော်လည်း လက်ရှိမှာ တစ်ပိသာကို ၄၀၀၀ ကျပ်သို့ ရောက်ရှိသွားသည်။ ထို့အတူ ငါးများမှာလည်း ယခင် တစ်ပိသာကို ငွေကျပ် သုံးသောင်းအထိ ရရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိသာကို ငွေကျပ် (၁၅၀၀၀) ခန့်သာ ရရှိသည်။

တံငါသည်များအနေဖြင့် ငါးဖမ်းရာတွင် စက်လှေများကို အသုံးပြု၍ ဖမ်းလာကြသည့်အတွက် ဆယ်ဆခန့် ဈေးမြင့်တက်သွားသည့် ဒီဇယ်ဆီများကြောင်းလည်း ပိုမိုခက်ခဲခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ် တလိုင်ချောင်းကျေးရွာမှ နောက်ထပ် တံငါသည် တစ်ဦးဖြစ်သည့် ကိုအောင်ကျော်က ဆိုသည်။

“ အရင်ကတော့ ငါးမရတဲ့ နေ့တွေရှိပေမဲ့ စိတ်မညစ်ရဘူး။ အခုက ငါးမရ ရင် ကျနော်တို့ တစ်ရက်စာ အရှုံးပေါ်ပြီး။ ဓာတ်ဆီခက ဆယ်ဆလောက် မြင့်တက်နေတော့ ငါးတကောင်းမှ မရင်ရင် တအား စိတ်ညစ်ရတယ်။ ” ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ငါးပုဇွန်များအား မွေးမြူ၍ ဆည်လုပ်ငန်း လုပ်ကိုင်သူများမှာလည်း စက်သုံးဆီ ဈေးကြီးသည့်အတွက် အခက်အခဲများ ရှိနေကြသည်။တာလုပ်ငန်းများ လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် လက်ရှိတွင် အဓိက ပုဇွန် ဈေးကွက် ပျောက်ဆုံးသွား သည့်အတွက် လုပ်ငန်းလည်ပတ်မှုမှာ လုံးဝရပ်တန့်သွားသည့်။

သို့သော်လည်း ဒီရေတက်ချိန်ဆိုလျှင် ရေသွင်းရေထုတ်အား တစ်လလျှင် ၂ဝကြိမ် နှင့် ၃၀ ကြိမ် ကြားအထိ လုပ်ပေးရသည့်အတွက် လုပ်ငန်းလည်ပတ်မှုမရှိသော်လည်း အလုပ်သမားများအား ငှားထားရကြောင်း လွမ်းလုံးပိုက်ကျေးရွာမှ တာပိုင်ရှင် တစ်ဦးဖြစ်သည့် ဒေါ်စန္ဒာအေး (အမည်လွဲ)က ဆိုသည်။

“တာနဲ့ ရွာနဲ့ နည်းနည်းဝေးတဲ့ နေရာမှာရှိနေတော့ တစ်ခါအသွားအပြန်လုပ်ရင် ဆီ ၂လီတာလောက် ကုန်တယ်။ အလုပ်သမား မငှားဘဲ နေ့တိုင်း သွားနိုင်ဖို့က မလွယ်ဘူး။ ပုဇွန်ကလည်း ဈေးလည်းမရှိတော့ ဖမ်းလည်း မဖမ်းချင်းဘူး။ ရေသွင်းရေထုတ်ကလည် မလုပ်လို့မရဘူး ဖြစ်နေတာပေါ့။ ” ဟု ၎င်းကဆိုသည်။

တစ်နိုင်တစ်ပိုင်း ငါးလုပ်ငန်းအတွက် စရိတ်စက များကို လက်ရှိတွင် ပိုမို သုံးစွဲနေရသည့် အတွက် ငွေကြေးအခက်အခဲ များအား ရင်ဆိုင်နေကြရသည်။ တံငါသည်များမှာ လက်ရှိကာလတွင် လွတ်မြောက်နယ်မြေများ၏ မြစ်ချောင်းများတွင် လွတ်လပ်စွာ ငါးဖမ်းခွင့်ရှိနေသော်လည်း ငါးများ ရှားပါးလာသည့်အတွက် ငါးများ ဖမ်းယူနိုင်ရန် မလွယ်ကူတော့ပေ။

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ စစ်တွေ ၊ မြေပုံ၊ ပေါက်တော၊ သံတွဲ၊ မာန်အောင်၊ ရမ်းဗြဲ၊ ဂွ စသည့်မြို့နယ်များတွင် ဒေသခံများမှာ ငါးဖမ်းလုပ်ငန်းကို အများ ဆုံး လုပ်ကိုင်ကြသည်။ သို့သော်လည်း ဒေသခံ အများအပြားမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူ များပြားသော်လည်း ကမ်းဝေးလုပ်ကိုင်သူ အရေအတွက် နည်းပါးပြီး ကမ်းနီးလုပ်ကိုင်သူသာ များပြားသည်။

လက်ရှိတွင် ငါးဖမ်းသမားများအနေဖြင့် ဒေသအတွင်း ကုန်ဈေးနူန်းမြင့်တက်နေခြင်းကို လျှော့ချပေးရန် လိုအပ်နေကြောင်း ပြောဆိုကြသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့မှာ တိုက်ပွဲများ ပြင်းထန်နေပြီ အမ်း၊ မောင်တော၊ ဂွ၊ တောင်ကုတ်တို့တွင် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားလျှက်ရှိ သည်။

AAထိန်းချုပ်ထားသည့် မြို့နယ်များတွင်လည်း ဆက်သွယ်ရေး ကူသန်းရောင်းဝယ်ရေး ဒေသတွင်း အခြေခံစားသောက်ကုန်များ စီးဆင်းမှုမရှိခြင်း ပြည်သူများကြား ငွေသားစီးဆင်း မှုမရှိသလောက် နည်ပါးမှုတွေကြောင့် ကိုကျော်မောင်တို့လို တံငါသည်များအပါအဝင် ဒေသခံအများစုမှာ စားဝတ်နေရေး အကြပ်အတည်းများနှင့်ရင်ဆိုင်နေကြရသည်။

ငါးဖမ်းခြင်းဖြင့် အသက်ဆက်နေရသည့် ကိုကျော်မောင်ကတော့ ငါးရောင်းရန် ဈေးကွက် မရှိရင်လည်း ကုန်ဈေးနှုန်းတွေကို ကျဆင်းဖို့ မျှော်လင့်နေကြသည်။

“ အခုက တိုက်ပွဲကာလအတွင်း လမ်းတွေ ဘာတွေ ဖွင့်ပေးပြီး ဈေးကောင်းပြန်ရဖို့လည်း မတောင်းတပါဘူး။ ဒါပေမဲ့ ကုန်ဈေးနူန်းတွေကိုတော့ ကျစေချင်တယ်။”

မိခိုင်ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here