Home ဆောင်းပါး အညာကနေ သတင်းတွေ တင်ဆက်နေသူ

အညာကနေ သတင်းတွေ တင်ဆက်နေသူ

59
0

“ဟေ့လူ ကျနော့်ဘက်က ခင်ဗျားဘက်ထက် လိုင်းကောင်းသွားပြီဗျ”

Starlink အင်တာနက် ကွန်ရက်စနစ်ကို အသုံးပြုခွင့်ရလို့ ကျနော့်ဆီကို ဝမ်းသာအားရနဲ့ ပြောလာသူက အညာဒေသတနေရာက မိတ်ဆွေတဦးဖြစ်ပါတယ်။သူနဲ့ကျနော်က ၂ နှစ်ကျော်ကြာ သတင်းဌာနတခုမှာ လက်တွဲလုပ်ကိုင်ခဲ့ဖူးကြတယ်။

အထူးသဖြင့် အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ဌာနတခုမှာ လာဆုံကြသူတွေ။ နှစ်ဦးစလုံးကတော့ မြန်မာနိုင်ငံရဲ့ တနေရာစီကနေ သတင်းရေး၊သတင်းပို့ကြသူတွေပါ။

တော်လှန်ရေးအားကောင်းတဲ့ သူ့နေရာက အင်တာနက်လိုင်းအပိတ်ခံရတာ၊ ဖုန်းလိုင်းဖြတ်တောက်ခံရတာတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

သတင်းတပုဒ် ၊သတင်းဓာတ်ပုံတပုံ၊မိနစ်အနည်းငယ်စာ ရုပ်သံဖိုင်တခု ပို့လို့ရဖို့အတွက် လေးမိုင်လောက်ဝေးတဲ့နေရာဆီ ဆိုင်ကယ်အပြင်းမောင်းပြီး သွားရတာပါ။ ရာသီမရွေး အခုလိုလှုပ်ရှားဆောင်ရွက်ရတာ ဖြစ်ပါတယ်။

တခါကဆို သူနဲ့ ဆက်သွယ်စကားပြောနေရင်း နေလောင်ထားတဲ့သူ့မျက်နှာကို မြင်လိုက်ရတယ်။နေအတော်ပူသလားလို့ စကားစမိတော့ “နေအတော်ပူတာ သတင်းတပုဒ်ရလို့ လိုင်းမိတဲ့နေရာလေး ပြေးလာရတာဗျ ဆိုင်ကယ်မောင်းလာရင်း မျက်နှာကိုအပူရှိန်ဟပ်တာ အတော်ခံရတယ်ဗျ” တဲ့။ကိုယ်တိုင်ဆိုင်ကယ်စီးဖူးသူတယောက်အဖို့ တံလျှပ်ထနေတဲ့လမ်းပေါ် ဆိုင်ကယ်မောင်းရတဲ့အရသာကို သိကြမှာပါ။

အင်တာနက်လိုင်းရဖို့ အဆင့်ဆင့် သွားရပုံကို ရုပ်သံဖုန်း‌ခေါ်ဆိုတာကနေပဲ ကျနော့်ကို အသေးစိတ် လိုက်ပြပါတယ်။

“ဒီလိုနေပူထဲ အပြေးလာရတာနဲ့မပြီးသေးဘူး။ဒီနေရာရောက်တာနဲ့ အပေါ်ဆုံးထပ်ကိုတက်ရသေးတယ်။ဒီနေရာက အဆောက်ဦတခုပေါ့ဗျာ”(အဆောက်ဦအမည်နဲ့ တည်နေရာကို သူပြောပြလို့ သိရပေမယ့် ဒီနေရာမှာ ကွယ်ဝှက်ပြီး ရေးသားလိုပါတယ်)

အဲဒီနေရာက သူရှာတွေ့ထားတဲ့ နေရာပါ။အင်တာနက်သုံးလို့ရတဲ့နေရာတွေကို လိုက်လံစမ်းသပ် အသုံးပြုကြည့်ရာကနေ ဒီနေရာက သူ့အတွက် ပိုပြီးနေရာကျတဲ့ နေရာတခုလဲ ဖြစ်ပါတယ်။

ဒီနေရာကို သူရှာတွေ့ခဲ့တာက နယ်မြေသစ်ကို ရှာတွေ့ခဲ့သူလို၊ ကန္တာရထဲ ရေရှာတွေ့ခဲ့သူလို ၊ကမ္ဘာဦးလူသားတွေ မီးကိုရှာတွေ့ခဲ့သလို သူ့အတွက် ဒီထက်တောင် ပိုချင်ပိုနေပါဦးမယ်။

သူဟာ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ ၊မတရားနှိပ်စက် အနိုင်ကျင့်တာတွေ၊လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို လူအများသိနိုင်ဖို့၊ ကမ္ဘာကသိဖို့အတွက် သတင်းတွေကို အချိန်နဲ့တပြေးညီ ပေးပို့နေသူဖြစ်ပါတယ်။

သတင်းအချက်အလက်ရယူဖို့အတွက် နည်းလမ်းမျိုးစုံသုံးပြီး ကြံစည်ကြတာဟာလည်း လူသား‌တွေပဲ ဖြစ်ပါတယ်။သတင်းအချက်အလက်မရအောင်လည်း အာဏာရှင်တွေက တားမြစ်ပိတ်ပင်တာတွေ လုပ်ကြပါတယ်။

အာဏာစသိမ်းတဲ့မနက်ကို ပြန်သွားကြည့်ရင် ပထမဆုံးလုပ်တာလည်း အင်တာနက်လိုင်းဖြတ်လိုက်တာပါပဲ။သတင်းစီးဆင်းမှုကို အရင်ဆုံးဖြတ်တောက်ပြစ်ပြီးမှ ချိုးဖောက်မှုတွေကို တခုပြီးတခု ဆက်တိုက်ပြုလုပ်လာ‌တာပါ။

သတင်းတိုက်တွေကိုပိတ်တာ၊သတင်းသမားတွေကို ဖမ်းတာ၊သတင်းပျံ့နှံ့မှုကို ရပ်တန့်နိုင်ဖို့ လူစုလူဝေးမလုပ်ဖို့ တားမြစ်တာတွေ ၊ပြည်သူတွေ သိသင့်သိထိုက်တဲ့ အရာတွေကို ဆင်ဆာဖြတ်တောက်တာတွေ လုပ်လာတာဖြစ်ပါတယ်။

PSI နဲ့ IPM စလောင်းဗန်းလေးတွေကို ဖြုတ်သိမ်းဖို့ မရောင်းချဖို့အတွက် ခြိမ်းခြောက်ပြောဆိုတာတွေ ရှိလာပါတယ်။ဆက်တိုက်ဆိုသလို ဒီလိုစလောင်းဗန်းတွေရောင်းချတဲ့ ဆိုင်ကိုချိပ်ပိတ်တာ ၊ရောင်းချနေတာတွေ့ရင် ရိုက်ချိုးဖျက်ဆီးတာတွေကို ပြောင်ပြောင်တင်းတင်း ပြုမူဆောင်ရွက်လာကြပါတယ်။

အာဏာရှင် အကြောက်ဆုံးအရာတွေထဲ သတင်းစီးဆင်းမှုဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ဘယ်လိုပဲ ပိတ်ဆို့တားဆီး ပိတ်ပင်တာတွေရှိနေပေမယ့် တနည်းမဟုတ်တနည်းနဲ့တော့ သတင်းအချက်အလက် ရရှိဖို့ကို ကြံဆောင်ကြတာဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်။ပိတ်ဆို့ထားပြီဆိုမှတော့ ဖောက်ထွက်ဖို့အတွက်ကို ကြိုးစားလာကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီအားကောင်းတဲ့ နေရာတွေမှာတော့ သတင်းစီးဆင်းမှုကို ရပ်တန့်ဖို့ VPNလိုအရာကို အသုံးမပြုဖို့ တားဆီးလာပါတယ်။လမ်းသွားလမ်းလာတွေကို အမှတ်မထင် ဖုန်းယူပြီးစစ်ဆေးတဲ့အခါ ဖုန်းထဲမှာ VPN ရှိမရှိ စစ်ဆေးတာတွေ ပြုလုပ်လာတယ်။ဖုန်းထဲမှာ VPNဆော့ဖ်ဝဲလ် ထားရှိတာကိုတွေ့ရင် သူတို့တောင်းသလောက်ငွေ ပေးရတာတွေ ရှိလာတယ်။သတင်းစီးဆင်းမှုကို ဖြတ်တောက်လို့ရအောင် ထုတ်ပြန်စာတွေ တခုပြီးတခု ထုတ်ပြန်လာတာလဲ ရှိပါတယ်။

ဘယ်လိုပဲ တားဆီးကန့်သတ်နေပါစေ တော်လှန်ရေးအားကောင်းတဲ့ အညာဒေသမှာတော့ အင်တာနက်ရရှိဖို့အတွက် တချို့နေရာတွေမှာ စိတ်ပူစရာမလိုတော့ဘူးလို့ ကြားသိလာရပါတယ်။ဒီလိုရရှိဖို့အတွက်ဟာလည်း အလွယ်တကူ ရရှိလာတာတော့ မဟုတ်ပါဘူး။အခက်အခဲ အတားအဆီးတွေကြားက ကျော်ဖြတ်ပြီး အခုလို ရရှိလာတာ ဖြစ်ပါတယ်။

“အခုတော့ အင်တာနက်လိုင်းရဖို့ အရင်ကလို မသွားရတော့ဘူး။ကိုယ်ရှိတဲ့နေရာကနေ သုံးလို့ရနေပါပြီ လိုင်းနှေးတာ လိုင်းကျတာတွေလဲ မရှိဘူး။အရင်ကထက် အလုပ်ပိုလုပ်နိုင်တာပေါ့ဗျာ”

သုံးနှစ်အတွင်းမှာပဲ ကျနော့်မိတ်ဆွေနဲ့ကျနော် ပြောင်းပြန်အခြေအနေတခုကို ရောက်သွားကြပါတယ်။လွန်ခဲ့တဲ့ နှနှစ်လောက်က သူ့ဆီက အားနာတဲ့စကားသံတွေကို မကြာခဏ ကြားခဲ့ရပါတယ်။

“ကျနော့်ဘက်က လိုင်းမကောင်းလို့ဗျ၊အရေးပေါ်သတင်းပို့ချင်တာရှိရင် ညကြီးအချိန်မတော် ဖုန်းခေါ်ရင် စိတ်မရှိပါနဲ့ဗျာ အင်တာနက်လိုင်းရဖို့ အတော့်ကို အခက်အခဲရှိလို့ပါ”သူ့ဆီက အားနာတဲ့လေသံမျိုးကို ပြန်ကြား‌မိပါတယ်။

လေကြောင်းရန်ကို စိုးရိမ်ထိတ်လန့်နေကြရတဲ့အခြေအနေကနေ ရှောင်လွဲလို့မရ‌ကြသေးပါဘူး။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်ဖို့၊ သတင်းအချက်အလက်တွေပေးပို့ဖို့၊ မိတ်ဆွေအပေါင်းအ သင်းနဲ့အဆက်အသွယ်ရဖို့ Starlink အင်တာနက် ကွန်ရက်စနစ်က အခက်အခဲတချို့ကို ဖြေရှင်းပေးနိုင်တဲ့အကြောင်းကို ပြောပြပါတယ်။

စစ်ကောင်စီထိန်းချုပ်နေရာတွေမှာတော့ အင်တာနက်လိုင်း ဖြတ်တောက်ဖို့ တနည်းမဟုတ် တနည်း ကန့်သတ်လာတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပြီး အသုံးပြုလို့ ရနေသေးတယ်ဆိုပေမယ့် ဘယ်အချိန်မှာများ အင်တာနက်သုံးမရအောင် တားဆီးလိုက်လေမလဲဆိုတဲ့ ဖိစီးမှုတွေရှိနေကြတာပါ။

ဖူးသိမ်ကျ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here