ကွမ်းအကြောင်းပြောကြတဲ့အခါ ရှေးနန်းတွင်းသုံးအရာတခုကနေ ကနေ့ခေတ်အထိ ကွမ်းစားသုံးတဲ့ အလေ့ ရှိနေတာပါ။စားသုံးသူရှိတာနဲ့အမျှ စိုက်ပျိုးထုတ်လုပ်သူတွေလဲ ရှိလာပါတယ်။စားသုံး သူဈေး ကွက်ကိုလိုက်ပြီး စီးပွားဖြစ်စိုက်ပျိုးကြသူတွေ အများအပြားရှိနေတာပါ။
ကျနော်တို့ရွာမှာတော့ ကွမ်းကို စီးပွားဖြစ် စိုက်ပျိုးတာ ခေတ်စားပါတယ်။မိဘက သားသမီးတွေကို အင်ဂျင်နီယာပညာ၊ဆေးပညာစတဲ့ တက္ကသိုလ်ပညာတွေ တတ်အောင်သင်ပေးပြီး ဆိုင်ရာဆိုင်ရာ ဘွဲ့တွေရလာတဲ့အခါ ပညာသင်ခဲ့တဲ့အလုပ်ကို မလုပ်ဘဲ ကွမ်းပြန်စိုက်စားကြတယ်ဆိုတဲ့ ခေတ်တွေရှိခဲ့ပါတယ်။
ဒီနေ့ဒီအချိန်အထိလဲ ကွမ်းစိုက်ကြတာဟာ တိမ်ကောပျောက်ကွယ် သွားတယ်ရယ်လို့ မရှိသေးပါဘူး။ အကြောင်းကတော့ ကွမ်းစိုက်လို့ရတဲ့ ဝင်ငွေဟာ တခြားစီးပွားရေးလုပ်ငန်းတွေထက် ပိုရလို့ပဲဖြစ် ပါတယ်။
“စပါးဆယ်ဧကစိုက်လို့ရတဲ့ဝင်ငွေက ကွမ်းတခြံ အမြတ်ထွက်တာတောင်မရှိဘူး”ဆိုတဲ့ စကားသံတွေ မကြာခဏ ဆိုသလို ကြားရပါတယ်။ဒီတော့ လယ်သမားတွေကလဲ သူတို့ရဲ့ စပါးစိုက်ခင်းတွေနေရာမှာ ကွမ်းခြံတွေ အရှိုအရှို စိုက်ပျိုးလာကြတော့တာပါပဲ။
ကွမ်းနဲ့ပတ်သက်ပြီး မိရိုးဖလာအလုပ်တခုလို လုပ်ကိုင်ခဲ့ဖူးပါတယ်။ ကိုယ်နဲ့အနီးစပ်ဆုံးအလုပ်ဖြစ်နေ လို့လားတော့ မပြောတတ်ပါဘူး။ဘယ်လောက်ပဲဝင်ငွေရရ ကွမ်းစိုက်စားတာကို ဒီလောက်အထိ စိတ်ဝင်စားခြင်း မရှိခဲ့ဘူးလို့ပဲ ဝန်ခံရမှာပါ။သို့သော်လည်း ကွမ်းစိုက်ပျိုးဖို့အကြောင်းကို တချို့တချို့ သောသူတွေ စိတ်ဝင်စားကြတာကိုတော့ မကြာခဏဆိုသလို ကြားရတတ်ပါတယ်။ ဒီလိုစိတ်ဝင် စားကြတဲ့သူတွေထဲ နယ်ပယ်တခုခုမှာ ဘဝရပ်တည်နေကြတဲ့သူတွေလဲ ပါပါတယ်။
ဆရာကြီးမောင်ဝံသကို စသိခဲ့ရတုန်းက သတင်းနဲ့ပတ်သက်တဲ့ ဆုပေးပွဲတခုမှာပါ။ပြည်ပနိုင်ငံမှာ ဆေးကုနေရချိန်ဖြစ်လို့ အဲဒိအခမ်းအနားမိန့်ခွန်းကို ရုပ်သံကတဆင့် ဖွင့်ပြတာပါ။သူ့ကိုကျနော်သိခဲ့တာ သတင်းစာဆရာ၊စာရေးဆရာပါ။သူဟာ ကွမ်းစိုက်ဖို့အတွက် စိတ်ကူးရှိခဲ့ဖူးတဲ့အကြောင်း သမီးဖြစ်သူက ပြောပြလို့ သိခဲ့ရပါတယ်။ကွမ်းစိုက်ဖို့အတွက် စိတ်ကူးခဲ့ကြဖူးတာရှိနိုင်သလို စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ ကွင်းဆင်းစိုက်ကြသူတွေလဲ ရှိချင်ရှိကြမှာပါ။
ကွမ်းစိုက်ဖို့အတွက် ကွမ်းမျိုးက ဘယ်ကရသလဲ။ကွမ်းမျိုးရှာရတဲ့နောက်ကွယ်က အကြောင်းတခုကို ဆွဲထုတ်ကြည့်ချင်ပါတယ်။၂၁ရာစုမှာ ကွမ်းစိုက်တောင်သူတွေကြား ခေတ်စားတဲ့ကွမ်းမျိုး ရှိပါတယ်။ရခိုင်မျိုးလို့ ခေါ်ကြတယ်။ကွမ်းဟာ နွယ်ပင်တမျိုးလို့ သတ်မှတ်ရမှာပါ။ကွမ်းစိုက်ဖို့အတွက် မျိုးယူတဲ့အခါ အညွန့်ကို ဖြတ်ယူကြရပါတယ်။ဒါကိုပဲ ကွမ်းညွန့်ဖြတ် ထွက်တယ်လို့ ခေါ်ကြတယ်။ဧရာဝတီတိုင်းကနေ ရခိုင်ကို ကွမ်းညွန့်ဖြတ်ထွက်တဲ့ လမ်းခရီးဟာလဲ သက်စွန့်ဆံဖျား သွားကြရတာပါ။
ကွမ်းညွန့်ဖြတ်ထွက်သူတွေ လမ်းမှာ မကြာခဏဓားပြတိုက်ခံရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ရွှေကိုဓားပြတိုက်တာမဟုတ် ၊ငွေကို ဓားပြတိုက်တာ မဟုတ်ပါဘူး။ကွမ်းညွန့်ကို ဓားပြတိုက် ယူကြတာပါ။ကွမ်းညွန့်ဟာ ရွှေတွေငွေတွေထက် ဘယ်လောက် အဖိုးတန်သလဲဆိုတာ တွက်ဆကြည့် လို့ရနိုင်မှာပါ။
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးထဲမှာတော့ ည ၁၂နာရီနောက်ပိုင်း အလုပ်ရှုပ်နေကြပါတယ်။အထူးသဖြင့် အသီးအရွက်တွေကို လက်ကားရောင်းဝယ်နေကြတာပါ။အသီးအရွက် ကုန်စိမ်းတွေထဲမှာ ကွမ်းရွက် ရောင်းဝယ်နေကြသူတွေလဲ ပါပါတယ်။မိသားတစုရဲ့ မီးဖိုချောင်ထဲမှာ ကုန်စိမ်းစားကုန်ဟာ မပါမဖြစ်လို့ ပြောလို့ရပါတယ်။ဒီရောင်းကုန်တွေထဲမှာ ကွမ်းဟာလဲ နေရာတနေရာ ယူထားတာကို တွေ့ရမှာပါ။
ဒီနေရာမှာ ကွမ်းအမျိုးအစား ဘယ်ဟာ ကောင်းလဲဆိုတာ စကားပြောလာပါတယ်။ရောင်းသူနဲ့ဝယ် သူကြား ကုန်ပစ္စည်းဘယ်လောက်ကောင်းကြောင်း အမွှန်းတင် ပြောလာရတော့တာပါပဲ။ သူတို့ပြောစကားတွေထဲမှာ ဘယ်နယ်ကကွမ်းဆိုတာကို ပါးစပ်ကမချပါဘူး။ ဈေးကောင်းရတဲ့ကွမ်းတွေထဲ ထိပ်ဆုံးကပါလို့ပဲ ဖြစ်မှာပါ။
ဈေးကောင်းရတဲ့ကွမ်းနဲ့ ဈေးကောင်းမရတဲ့ကွမ်းဆိုတာ ကွမ်းမျိုးရှာတဲ့နေရာမှာ အရေးကြီးပါတယ်။ ကွမ်းစိုက်ဖို့ မျိုးယူတဲ့နေရာမှာ ဈေးကွက်ထဲနာမည်ရတဲ့ ကွမ်းညွန့်မျိုးကို ရှာမစိုက်နိုင်ရင် ဈေးကွက်မှာ ဈေးကောင်းမရတဲ့အပြင် လျှော့ဈေးနဲ့ ရောင်းထုတ်ရတဲ့အခြေအနေတွေလဲ ရှိပါတယ်။
အနောက်ရိုးမရဲ့ တောင်ကုန်းတွေပေါ်မှာ ကွမ်းစိုက်ကြသူတွေ ရှိပါတယ်။ကျောက်သားကျောက်ဆောင် တွေကြားမှာ ကွမ်းစိုက်ရတာဖြစ်လို့ အရွက်ခူးဖို့အတွက် အဓိကထား စိုက်ကြတာမဟုတ်ပါဘူး။ ကွမ်းညွန့်မျိုးဖြတ်ယူရောင်းချဖို့အတွက် အားထားစိုက်ပျိုးကြသူတွေ ဖြစ်ပါတယ်။
အဲဒိက ကွမ်းညွန့်မျိုးဖြတ်ယူပြီး မြစ်ဝကျွန်းပေါ် နုန်းတင်မြေနုပေါ်မှာ ပြန်စိုက်ပျိုးတဲ့အခါ အရွက် ကောင်းကောင်း ခူးလို့ရသလို ၊ဈေးကောင်းရတဲ့ ကွမ်းရွက်တွေကို စိုက်ပျိုးထုတ်လုပ်နိုင်မှာလဲ ဖြစ်ပါတယ်။ ဈေးကောင်းရတဲ့ ကွမ်းဆိုတာ ရခိုင်ပြည်နယ် အနောက်ရိုးမပေါ်က ကွမ်းတွေဖြစ်တဲ့ အကြောင်း သိတဲ့သူရှားပါလိမ့်မယ်။
နုန်းတင်မြေနုဆိုတာ မိုးတွင်းကာလတခုလုံး ရေမြုပ်ထားတဲ့နေရာတွေ ဖြစ်ပါတယ်။ရေပြန်ကျချိန်မှာ တင်ကျန်နေခဲ့တဲ့ နုံးတွေဟာ စိုက်လို့ပျိုးလို့ကောင်းတဲ့ နေရာတွေလို့ ပြောလို့ရပါတယ်။ရခိုင်က ကွမ်းညွန့်မျိုးဟာ နုန်းတင်မြေနူပေါ်ရောက်လာပြီး ဈေးကွက်မှာ ဈေးကောင်းရနေတဲ့အကြောင်း ကွမ်းစိုက်တောင်သူတွေကြား ပျံ့နှံ့သွားပါတယ်။ပျံ့နှံ့သွားသလောက်လဲ ရခိုင်ရိုးမပေါ်တက်ပြီး ကွမ်းညွန့်မျိုး ရှာကြတဲ့သူတွေ ရှိလာတာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်ကတော့ မြောင်းမြကွမ်းမျိုး၊ပုသိမ်ကွမ်းမျိုးတွေကို ရွေးချယ်စိုက်ပျိုးခဲ့ကြတာပါ။ အဲဒိကွမ်းညွန့်အမျိုးအစားတွေထက် နေရာရ ဈေးကောင်းရပြီး ဈေးကွက်မှာ မျက်နှာပန်းလှခဲ့တဲ့ ကွမ်းညွန့်မျိုးကို ပြောပါဆို ရခိုင်ရိုးမပေါ်က ကွမ်းညွန့်မျိုးကို လက်ဆင့်ကမ်း ညွှန်းဆိုကြမှာလဲ ဖြစ်ပါတယ်။
ဒါဟာ ကာလတခုအထိ ခေတ်ကောင်းခဲ့တယ်လို့ ပြောလို့ရမှာပါ။ဒီကာလမှာတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပါတယ်။ရခိုင်ရိုးမနဲ့ ဧရာဝတီတိုင်းကို အနောက်ရိုးမတောင်ကျောတွေက နယ်မြေချင်း ထိစပ်သွယ်တန်းထားပေးပါတယ်။ဒီလိုထိစပ် သွယ်တန်းထားတဲ့ နယ်မြေအဆက်အစပ်ကို စစ်ကောင်စီရဲ့ ဂိတ်တွေက ဖြတ်တောက်ပိတ်ဆို့ လိုက်ပါတယ်။
ဒီလိုဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ရခိုင်နဲ့ ဧရာဝတီ၊ဧရာဝတီနဲ့ရခိုင် ကုန်ရောင်းကုန်ဝယ် လမ်းကြောင်းလဲ ရပ်တန့်သွားခဲ့ရပါတော့တယ်။တနယ်နဲ့တနယ် တားဆီးပိတ်ပင်ထားချက်က အချိန်ဘယ်လောက်ကြာကြာ ရှိနေဦးမလဲဆိုတာတော့ တွက်ဆလို့ မရနိုင်သေးဘူးလို့ပဲ ပြောရမှာပါ။အရင်လို လမ်းခရီးသာဖို့ဆိုတာ ပိတ်ဆို့တားဆီးထားတဲ့ ဂိတ်တွေ မရှိတော့ဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ရမှပဲ ဖြစ်မှာပါ။
လမ်းခရီးဖြတ်တောက် ပိတ်ဆို့တာတွေအပြင် ကွမ်းစိုက်တောင်သူတွေကိုပါ အကြပ်ရိုက်စေတဲ့ အရာတွေကို စစ်ကောင်စီလက်အောက်ခံတွေက ကြံဆောင်လုပ်ကိုင်လာကြပါတယ်။
အထူးသဖြင့် ကွမ်းစိုက်တောင်သူတွေဆိုတာ ဝင်ငွေအများအပြား ရရှိကြသူတွေဆိုပြီး နားလည် ထားကြလို့ပဲ ဖြစ်ပါတယ်။ကွမ်းစိုက်ရင်း ဘဝပျက် ဆင်းရဲနွံထဲကနေ ရုန်းမထွက်နိုင်ကြတဲ့သူတွေလဲ ရှိပါတယ်။ဒီလိုအခြေအနေတွေကို ငဲ့ကွက်ထောက်ထားဖို့ဆိုတာတော့ မျှော်လင့်ထားလို့မရတဲ့အရာပဲ ဖြစ်ပါတယ်။
“ရဲနဲ့မော်တော်ပီကယ်က ကွမ်းခြံဘေးမှာ လာစောင့်နေပြီး ကွမ်းခြံထဲ အလုပ်ဆင်းတဲ့သူတွေကို ဆိုင်ကယ်လိုင်စင်လာစစ်တာ၊ဒါမျိုး တသက်နဲ့တကိုယ် တခါမှ မရှိခဲ့ဖူးဘူး” အခုလိုကာလမျိုးမှာ ကွမ်းစိုက်တောင်သူတွေဆီက မကြာခဏ ကြားရတဲ့စကားဖြစ်ပါတယ်။
မော်တော်ပီကယ်လို့ ခေါ်ကြတဲ့ ယာဉ်ထိန်းရဲတွေဆိုတာ လမ်းမပေါ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း တည့်မတ်ပေးကြရမယ့် သူတွေလို့ပဲ သိထားပါတယ်။သူတို့ဝန်ဆောင်မှုပေးရမယ့် နေရာမှာ ရှိမနေဘဲ လယ်ထဲကိုင်းထဲအထိ ဆင်းပြီး ဆိုင်ကယ်လိုင်စင်စစ်ဖို့ စစ်ကောင်စီက တာဝန်ချမှတ်ထားသလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါ။
ပြည်သူအတွက် ဝန်ဆောင်မှုပေးရမယ့်သူတွေက ပြည်သူဆီက ဘယ်လိုငွေညှစ်ရမလဲဆိုတဲ့ စိတ်ထားတွေဟာ အခုလိုအချိန်မျိုးမှာ ဟန်ဆောင်ဖုံးကွယ်ထားလို့ မရအောင် ပေါ်လာတော့တာပဲလို့ ပြောရမှာပါ။ငွေရပေါက်ရလမ်း ဘယ်ကရမလဲဆိုတဲ့ ပစ်မှတ်ကိုရွေးချယ်ကြတဲ့နေရာမှာလဲ ကွမ်းစိုက်တောင်သူတွေဟာ သူတို့ငွေရဖို့အတွက် အဓိကပစ်မှတ် ဖြစ်လာပါတော့တယ်။
ပုံမှန်အချိန်မျိုး ပြန်ရဖို့ မျှော်လင့်နေကြမှာပါ။ပုံမှန်အချိန်ဆိုတာ လွတ်လွတ်လပ်လပ် သွားလာ၊ ရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ အချိန်မျိုးပါ။ဒီလိုအချိန်မျိုး ပြန်ရဖို့အတွက် နိုင်ငံသူနိုင်ငံသားတိုင်းက လိုလားတောင့်တနေကြမှာပဲ ဖြစ်ပါတယ်။ ရခိုင်ရိုးမတောင်တန်းတွေပေါ်က ကွမ်းညွန့်ကို မြစ်ဝကျွန်းပေါ် နုန်းတင်မြေနုပေါ်မှာ ပြန်လည်စိုက်ပျိုးခွင့် ရဖို့အတွက် မျှော်လင့်နေကြသူတွေလဲ ရှိကြမှာမလွဲ ဖြစ်ပါတယ်။
ဖူးသိမ်ကျ ရေးသားသည်။