အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ဟာ နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံဆွေးနွေးဖို့ လိုလားတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပေမယ့် လက်တွေ့မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေအောင်မြင်နိုင်ခြေ သိပ်မရှိ ဘူး။
တရုတ်နိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးရင်နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်သည့် တိုင်အောင် အာရက္ခတပ်တော်နဲ့စစ်ကောင်စီတို့ကြားမှာ အပစ်ရပ်ဖို့နဲ့ နိုင်ငံရေး သဘော တူညီချက်တွေ ရဖို့ဆို တာက တော့ဖြစ်နိုင်ခြေ သိပ်နည်းတယ်လို့ဆိုရပါမယ်။
ဒါကြောင့် အာရက္ခတပ်တော် အနေနဲ့ သူတို့ရဲ့ စစ်ရေး ရည်မှန်းချက် ဖြစ်တဲ့ ရက္ခိုင်ဒေသ တစ်ခုလုံး သိမ်းပိုက် ရရှိရေးကို ဆက်လက် ကြိုးပမ်းသွားမယ်လို့ ယူဆရပြီး၊ စစ်ကောင်စီ အနေနဲ့လည်း အာရက္ခ တပ်တော်ရဲ့ ထိုးစစ်ကိုအပြင်းအထန် ခုခံကာကွယ်မှာ ဖြစ်တယ်။
ဒါကြောင့် ၂၀၂၅ နှစ်လယ်လောက်ထိ ရက္ခိုင်ဒေသမှာ တိုက်ပွဲတွေ ရပ်သွားနိုင်တဲ့ အလား အလာ သိပ်မရှိဘူး။ အကျိုးဆက် အနေနဲ့ ရက္ခိုင်တွေဟာ စိန်ခေါ်မှုတချို့ကို မလွဲမသွေ ကြုံရနိုင်ပါတယ်။
လေကြောင်းရန်နဲ့ ရက္ခိုင်ဒေသ
တစထက်တစ နယ်မြေထိန်းချုပ်မှုတွေ လက်လွှတ်လာရတဲ့ စစ်ကောင်စီဟာ လတ်တလောမှာ အဲဒီဒေသတွေကို ပြန်လည် ထိုးစစ်ဆင်ဖို့ ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်သေးဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးစစ်ဆင်နေရတာရယ်၊ ပြည်မဒေသတွေကို လက်မလွှတ်ရရေး အပြင်းအထန် ခုခံကာကွယ် နေရတာတွေကြောင့် သူတို့လက်လွှတ် လိုက်ရတဲ့ တိုင်းရင်းသား ဒေသတွေကို ထိုးစစ် ပြန်ဆင်ဖို့ဆိုတာဖြစ်နိုင်ခြေလည်း မရှိဘူး။
ဒါပေမယ့် စစ်ကောင်စီ အနေနဲ့ သူတို့ လက်လွှတ် လိုက်ရတဲ့ ဒေသတွေကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိသေးတယ်။
အဲဒီဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ကောင်းစွာမလည်ပတ်နိုင်အောင် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင် နိုင်ပါသေးတယ်။
အဲဒီအတွက် လူစုလူဝေးတွေ၊လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ရုံးလို့ယူဆရတဲ့ နေရာတွေ ကို လေကြောင်း ကနေတိုက်ခိုက်ဖျက်ဆီးတာမျိုး အချိန်မရွေး လုပ်လာနိုင်တယ်။ တဖက်မှာ ပြည်သူ တွေ အနေနဲ့အကြောက်တရားနဲ့ မလုံခြုံမှုတွေကို ခံစားရအောင် စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင် ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဘာသာရေး အဆောက်အဦတွေကိုဦးတည်တိုက်ခိုက်တာမျိုး ပိုမိုလုပ်ဆောင် လာနိုင်တယ်။
ဒါကြောင့် အာရက္ခတပ်တော် အနေနဲ့ လူစုလူဝေး မဖြစ်အောင် ပြည်သူတွေကို အသိပညာ ပေးတာ၊ ပိတ်ပင်တားဆီးတာမျိုး လုပ်ရမှာဖြစ်သလို လေကြောင်း တိုက်ခိုက်မှုသတိပေးစနစ် ( Air Raid Warning System) တပ်ဆင်တာနဲ့ အချိန်မီ သတိပေးတာတွေလည်း လုပ်ဆောင်နိုင်ဖို့ လည်းလိုပါတယ်။
တဖက်မှာ တပ်တော်ထိန်းချုပ်ရာ ဒေသတွေမှာစစ်ကောင်စီ သတင်းပေး တွေလည်း ရှိနေ နိုင်တာကြောင့် သူတို့ကိုစုံစမ်းဖော်ထုတ်တာ၊အပြစ်ပေးအရေးယူတာတွေလည်း လုပ်နိုင်ဖို့လိုပါတယ်။
အာရက္ခ ပြည်သူတွေ အနေနဲ့လည်း လူစုလူဝေးလုပ်တာ၊ ပွဲလမ်းသဘင် ကျင်းပတာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ လိုတယ်။ တဖက်မှာ လေကြောင်းရန် ကာကွယ်ရေး အတွက် ပိုမိုပြင် ဆင်တာ၊ လေကြောင်းတိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်မယ့် နေရာတွေ၊ ဗုံးခိုကျင်းတွေကို ပိုမိုခိုင်ခံ အောင် ပြုပြင်မွမ်းမံတာတွေ လုပ်ဆောင် သင့်ပါတယ်။
အဲဒီအတွက် အာရက္ခတပ်တော် အနေနဲ့ လည်း ပြည်သူတွေကို တိုက်တွန်းတာနဲ့ လမ်းညွှန်ပေးတာတွေ လုပ်နိုင်ဖို့လိုအပ်ပါတယ်။
ရက္ခိုင်လူမျိုးတွေကို ဦးတည်လာနိုင်တဲ့ လူဖမ်းပွဲများ
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ဥပဒေမဲ့ လူဖမ်းပွဲတွေ လုပ်နေတာ လူတိုင်း အသိ ဖြစ်တယ်။ စစ်ကောင်စီ စစ်ရှုံးလာတာ နဲ့အမျှ လူငယ်တွေကို မတရားသဖြင့် ဖမ်းဆီးခေါ် ဆောင်တာ၊ အတင်းအဓမ္မပေါ်တာဆွဲတာ၊ ဥပဒေမဲ့ စစ်တပ်ထဲ အတင်း ဆွဲသွင်းတာတွေ ဆက်တိုက် လုပ်လာနိုင်ပါတယ်။
တကယ်လို့ ဧရာဝတီ၊ မကွေးနဲ့ အညာဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ရင် သူတို့ရဲ့ စစ်သား ပြုန်းတီးမှုကို ကုစားဖို့ အတွက် သူတို့ထိန်းချုပ်ရာ ဒေသတွေမှာ လူဖမ်းပွဲတွေ ဆက်တိုက် လုပ်လာနိုင်ပါ တယ်။
အထူးသဖြင့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ပိုပြီးလုပ်ဆောင် လာ နိုင်တယ်။ တဖက်မှာ ရက္ခိုင်မှာအကြီး အကျယ် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရက္ခိုင်မုန်းတီးရေး လှုံ့ဆော် တာ၊ ရက္ခိုင်နဲ့ တခြားလူမျိုးတွေ ကြားမှာ လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် အတွက် သတင်းအမှားဖြန့် တာ၊ သွေးထိုးလှုံ့ဆော်တာနဲ့ ဝါဒဖြန့်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ စစ်တပ်နဲ့ စစ်တပ် ထောက်ခံသူတွေဟာ အာရက္ခတပ်တော်နဲ့ ရက္ခိုင်မုန်းတီးရေး ဝါဒဖြန့်တာတွေ အများဆုံး လုပ်ဆောင် ခဲ့တယ်လို့ဖော်ပြထားတယ်။
တကယ်လို့ အာရက္ခတပ်တော်သာ ဧရာဝတီနဲ့ မကွေးဒေသတွေကို ကြီးကြီးမားမား ထိုးစစ်ဆင်လာခဲ့ရင်၊ ရက္ခိုင်လူမျိုး မုန်းတီးရေး လှုပ်ရှားမှုတွေ ပိုပြင်းထန် လာနိုင်ခြေ ရှိပါတယ်။ အကျိုးဆက် အနေနဲ့ ရက္ခိုင်တွေကို ဦးတည်ပြီး မတရားသဖြင့် ဖမ်းဆီးတာ၊ ခရီးသွားလာ ခွင့်တွေ ပိတ်ပင်တာနဲ့ အတင်းအဓမ္မ စစ်တပ်ထဲဆွဲသွင်းတာတွေလုပ်ဆောင် လာနိုင်ပါတယ်။
ဒါကြောင့် စစ်ကောင်စီ ထိန်းချုပ်ရာဒေသက ရက္ခိုင်တွေအနေနဲ့ အများကြီး သတိထား နေထိုင်ကြရမှာ ဖြစ်သလို လူတွေအများကြီး စုဝေးနေထိုင်တာတွေ၊ ညဘက်တွေမှာ အကြောင်းမဲ့ အပြင်ထွက် သွားလာတာ တွေကို အဓိကထား ရှောင်ရှားကြရမှာ ဖြစ်တယ်။ တဖက်မှာ လွတ်မြောက်နယ်မြေတွေကို တတ်နိုင် သမျှ တိမ်းရှောင် နိုင်ကြဖို့လည်း လိုတယ်။
မောင်တောဒေသ အကြမ်းဖက်မှုများ
မောင်တောမှာ အရပ်သား ပြည်သူတွေကို မွတ်စလင် လက်နက်ကိုင်တွေ ခြုံခိုတိုက်ခိုက်တဲ့ သတင်း တွေကို မကြာခဏ ဆိုသလို တွေ့လာရတယ်။ မောင်တောဒေသကို အာရက္ခ တပ်တော်က ထိန်းချုပ် ထားတယ် ဆိုသည့်တိုင်အောင် ဘင်္ဂလား – ရက္ခိုင်နယ်စပ်မှာ နယ်စပ်ဒေသကို အခြေပြုကာ လှုပ်ရှား ကြတဲ့ မွတ်စလင် လက်နက်ကိုင်တွေနဲ့ သူတို့ကို အားပေးထောက်ခံကြတဲ့ မွတ်စလင်တွေ အများကြီး ရှိနေသေးတယ်။
လတ်တလောမှာအာရက္ခတပ်တော် အနေနဲ့လည်း မောင်တောဒေသ တစ်ခုလုံးကို နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဖို့ဆိုတာ အတိုင်းအတာ တစ်ခုထိ စိန်ခေါ်မှုတွေ ရှိနေနိုင်သေးတယ်။ တဖက်မှာ အဲဒီ မွတ်စလင် လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ လူသစ်စုဆောင်းလို့ ရနိုင်ခြေရှိတာ၊ စစ်ကောင်စီအနေနဲ့လည်း လက်နက်ခဲယမ်းနဲ့ တခြားအကူအညီ အထောက်အပံ့တွေ ပေးနေတာကြောင့် ပိုပြီးအင်အား တောင့်တင်းလာတယ်လို့ ယူဆရပါမယ်။
အကျိုးဆက်အနေနဲ့ အဲဒီမွတ်စလင် လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဒေသတည်ငြိမ်ရေးကို နှောင့်ယှက် လာနိုင်ပြီး၊ အာရက္ခတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်း တိုက်ခိုက်တာ၊ အလိုက်ငိုက် တိုက်ခိုက်တာတွေ လုပ်လာနိုင်ပါတယ်။
တဖက်မှာ မွတ်စလင်တွေ အပါအဝင် အရပ်သား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြန်ပေးဆွဲ ငွေညှစ်တာတွေလည်း လုပ်လာနိုင်ပါတယ်။ ဒါဟာ ၂၀၂၅ မှာ အာရက္ခ တပ်တော်နဲ့ ဒေသခံ တွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဖြစ်ပြီး၊ အချိန်မီ မထိန်းချုပ်နိုင်ရင် မောင်တောဟာ အကြမ်းဖက် သမား တွေ ကြီးစိုးရာ ရပ်ဝန်းဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဆိုရင် အနာဂတ်မှာ မောင်တောဒေသ လုံခြုံရေးနဲ့ တည်ငြိမ် ငြိမ်းချမ်းရေးကို အချိန်မရွေး ခြိမ်းခြောက် လာနိုင်ပါတယ်။
လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း
တကျော့ပြန် တိုက်ပွဲတွေကြောင့် လက်ရှိအချိန် ရက္ခိုင်မှာ စစ်ဘေးရှောင် အရေအတွက်ဟာ ၆ သိန်း ကျော် ဖြစ်လာခဲ့ပြီလို့ HDCO က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၅ မှာလည်း စစ်ဘေး ရှောင် အရေအတွက် ဆက်လက်တိုးလာနိုင်ပြီး၊ နဂိုရှိရင်းစွဲ စစ်ဘေးရှောင်တွေ အနေနဲ့လည်း နေရပ် ပြန်နိုင်ရေးဟာ အတိုင်းအတာ တစ်ခုထိ ခက်ခဲနိုင်ပါသေးတယ်။
အထူးသဖြင့် နေစရာအိမ်တွေ လုံးဝ မရှိတော့တာ၊ လေကြောင်းရန်ကြောင့် မလုံခြုံတာနဲ့ မြေမြုပ်မိုင်း အန္တရာယ်တွေလည်း ရှိနေနိုင်သေး တာတွေကြောင့် စစ်ဘေးရှောင်အားလုံး နေရပ်ပြန်နိုင်ရေးဟာ အတိုင်းအ တာ တစ်ခုထိကြန့်ကြာနိုင်ပါသေးတယ်။
တဖက်မှာ စစ်ဘေးရှောင်တွေ အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လုံးဝမရရှိတာ၊ စစ်ဘေးရှောင် စခန်းတွေမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေဟာ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရတာနဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတာတွေကြောင့် လက်ရှိအနေအထားဟာ ပိုပြီးဆိုးရွားလာ နိုင်တယ်လို့ ယူရတယ်။
ဒါကြောင့် အာရက္ခတပ်တော် အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူညီပေးရေး အေဂျင်စီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ လိုသလို ဒေသ တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လိုတယ်။ တဖက်မှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် မူဝါဒနဲ့ လုပ်ငန်း အစီအစဉ်တွေ လည်း ရေးဆွဲချမှတ်နိုင်ဖို့လိုပါတယ်။
ခိုင်စစ်သွီးရေးသားသည်။
ကောင်းပါရေ
ကောင်းပါရေ ဆောင်းပါး