Home ဆောင်းပါး ခွေးတကောင် တယောတလက်နဲ့လူ

ခွေးတကောင် တယောတလက်နဲ့လူ

60
0

ညရဲ့ အမှောင်ထုကိုခွင်းပြီး လက ထိန်ထိန်သာလို့ပါ။ အေးချမ်းတဲ့အချိန်မှာ လရဲ့ အလင်းရောင်ကြောင့် ထပ်ဆင့်အေးမြခြင်းကို ရရှိမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ မအေးချမ်းကြပါဘူး။ စစ်ဖြစ်လို့ အသက်ဘေးလွတ်ရာကို ပြေးလာကြရသူတွေ ဖြစ်ပါတယ်။ ရွာမှာတိုက်ပွဲတွေဖြစ်လို့ အထုပ်ထမ်းပြီး ထွက်ပြေးလာကြသူတွေ။တချို့က အဝတ်တထည်ကိုယ်တခုနဲ့ပဲ ထွက်ပြေးလာကြသူတွေ။

ညကတိတ်ဆိတ်ခြင်းကို အားပြုနေချိန်မှာတော့ ဘေးလွတ်ရာ ထွက်ပြေးလာကြတဲ့ အသက်ကြီးပိုင်း လူကြီးတွေက ပူပင်စရာတွေ တပုံတပင်နဲ့ ရှိနေကြမှာပါ။ ညကတိတ်ဆိတ်ငြိမ်သက်နေပေမယ့် သူတို့ရင်ထဲမှာတော့ ဆိတ်ငြိမ်တဲ့အရသာကို အပြည့်အဝရရှိကြမယ်မထင်ပါဘူး။

ဒီရွာသူရွာသားတွေက စစ်ဖြစ်လို့ ပြေးလာကြရသူတွေ ဖြစ်ပါတယ်။ ကလေး ပုစုခရုလေးတွေလည်း ပါရဲ့။ အသက်ကြီး အဘိုး အဘွားတွေလည်း ပါရဲ့။ မိသားစု စည်းစည်းလုံးလုံး နေခဲ့ကြတဲ့ ရွာလေးကို စွန့်ပြီး ခရီးဆက်လာကြတာပါ။

ရွာကနေ စ,ထွက်တဲ့နေ့ကစပြီး ဒီနေ့ဆို ဘယ်နှရက်မြောက် ရှိပြီဆိုတာတောင် မမှတ်မိကြသူ တွေရှိ တယ်။ သူတို့တွေ သတိထားမိကြတာက ရွာပေါင်းများစွာ ကျော်ဖြတ်လာခဲ့ကြတယ်ဆိုတာပါပဲ။ ကျော်ဖြတ်ခဲ့တဲ့ရွာတွေက လူမရှိတဲ့အတွက် ဆက်ပြီးဆက်ပြီး ခရီးဆက်နေကြရတာ ဖြစ်ပါတယ်။ ရွာတရွာမှာ လူနေတာရှိရင် ဒါမှမဟုတ် ရွာမဟုတ်တဲ့နေရာမှာ သူတို့လိုပဲစစ်ရှောင်နေကြတာကိုတွေ့ရင် အဲ့ဒီနေရာမှာ အချိန်နည်းနည်းကြာကြာ ခရီးတထောင့်ကို နားကြမှာ ဖြစ်ပါတယ်။

အခုတော့ ကျော်ဖြတ်လာတဲ့ရွာတွေ၊ ချောင်းတွေ၊ တောတွေနေရာမှ လူတယောက်တလေ မှတောင်မတွေ့ကြရ‌လို့ အရှေ့ကိုရောက်နိုင်သလောက် ရောက်အောင်ဆက်ပြီး လျှောက်လှမ်း နေကြတာ ဖြစ်ပါတယ်။စစ်ဘေးရှောင်ခဲ့ဖူးကြတဲ့ အတွေ့အကြုံရှိတဲ့ သူတွေက သူတို့ကိုကြီးကြပ် ပေးကြပါတယ်။အသွားအလာ၊ အနေအထိုင်၊ အစားအသောက်အတွက် စီမံပေးကြပါတယ်။ စစ်ရှောင်လာသူတွေထဲ ကျန်းမာရေး စောင့်ရှောက်ပေးတာလဲ လုပ်ပေးပါတယ်။

အခုလို စစ်ရှောင်ရတဲ့ လမ်းခရီးမှာ တယောက်တလေက အဖိတ်အစင် ဖြစ်သွားတဲ့အခါ အဲ့ဒီစစ်ရှောင် အဖွဲ့ရဲ့ ကြီးကြပ်သူတွေကပဲ နာရေးကိုဆောင်ရွက်ပေးကြရတာ ဖြစ်ပါတယ်။

အစားအသောက်နဲ့ ရေရဖို့ကိုလဲ ရှေ့ကနေ ဦးဆောင်ရှာဖွေ ပေးရတော့လည်း သူတို့တွေကပဲ လုပ်ပေးရတာပါ။ အားလုံးကလဲ သူတို့ရဲ့ ဦးဆောင်စီမံ ခန့်ခွဲပေးတာကို လက်ခံကြပါတယ်။ ခရီးကဘယ်လောက် ဆက်ရဦးမှာလဲ၊ ပါလာတဲ့ ရိက္ခာတွေကလဲ အချိန်ဘယ်လောက်အထိ ရှိနေမှာလဲ ဆိုတာကိုလည်း စီမံပေးရပါသေးတယ်။

စစ်ရှောင်လာသူ တဖွဲ့လုံးက ကိုယ်စီကိုယ်စီ ရိက္ခာတွေ ပါလာကြတာတော့ မဟုတ်ဘူး။ ရွာကစ,ထွက်တဲ့နေ့ကဆို တကိုယ်ရေ ကိုယ်လွတ်ရုန်းပြီး အသက်ဘေးက လွတ်အောင်ကို ထွက်ပြေးလာခဲ့ရတာဆိုတော့ ဘာကိုမှ ယူချိန်မရလိုက်တာမျိုးလဲ ရှိကြသေးတာကိုး။

ရှေ့ကိုဆက်ပြီးသွားဖို့ ကျန်နေသေးလို့ ခရီးတထောက်နားပြီး သွားကြရဦးမယ်။ ရှေ့ခရီးတထောက် ရောက်တော့လည်း ဆက်သွားလို့ ရ၊ မရ ကြည့်ရဦးမှာ။ ဘယ်ကို သွားနေမှန်း မသိပေမယ့် သွားလိုရ‌သလောက်တော့ သွားကြရမှာ ဖြစ်ပါတယ်။

စစ်ဘေးနဲ့ ဝေးနိုင်သမျှ ဝေးအောင်သွားဖို့က ဒီရွာသူရွာသားတွေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ သူတို့တွေထဲက တယောတီးခတ်တဲ့သူတဦး ပါလာတယ်။ ထိုလူက အနုပညာဓာတ်ခံပါသူ ဖြစ်ပုံရပါတယ်။

အေးချမ်းလှတဲ့ ညတွေကို ကျော်ဖြတ်ဖို့ သူ့မှာ အနွေးထည်၊‌ စောင်ရယ်လို့ ပါလာတာ မတွေ့ရဘူး။ ရွာသူရွာသားတွေက အနွေးထည်၊ စောင်၊ အစားအစာ တနိုင်တပိုင် သယ်လာကြပေမယ့် ထိုသူက လက်ထဲမှာ တယောတလက်သာ ပါလာပါတယ်။ တယော တလက်ကိုတော့ သူ မပါမဖြစ် သယ်လာပါတယ်။ သူ့ဘေးမှာတော့ ခွေးတကောင်လည်း လိုက်ပါလာတယ်။

ခွေးတကောင်၊ တယော တလက်နဲ့ လူတယောက်ကိုလည်း သူနဲ့အတူ စစ်ဘေးရှောင်လာကြတဲ့ ရွာသားတွေက စားစရာ၊ သောက်စရာနဲ့ အဝတ်အထည်လေး တနိုင်လောက် မသယ်ခဲ့ရမလား ဆိုပြီးတော့လည်း အပြစ်တင်ပြောဆိုဖို့ သတိမထားမိကြပါဘူး။

လူတယောက်ဟာ အသက်ဘေးကနေ ချက်ချင်းထပြေးရတဲ့အခါ ဘာကိုအရင်ဆုံး လက်နဲ့ပြေးဆွဲပြီး ယူမလဲ။ အိမ်အောက်မှာနေရင်းနဲ့ ရုတ်တရက် ပြေးရတော့မယ်ဆို အိမ်အပေါ်ထပ်တက်ပြီး လိုချင်တာ၊ သယ်သွားချင်တာ တခုခုကို စိန်ပြေနပြေ ယူချိန်မရဘူး ဆိုတာတော့ သေချာပါတယ်။

အဲ့ဒီနေ့က ဒီလူတယောတလက်ကို လက်ထဲဘယ်လို အပါသယ်လာခဲ့သလဲဆိုတာ ဘယ်သူကမှလဲ စိတ်မဝင်စားကြပါဘူး။ စစ်ရှောင်ရတယ်ဆိုတာ။ တယောတလက်ကို သယ်လာဖို့ထက် အနွေးအင်္ကျီတထည် ဒါမှမဟုတ် စောင်တထည်လောက်ကိုတော့ အမိအရသယ်ခဲ့ဖို့ ကောင်းတာပေါ့လို့ စောဒကတက်နိုင်ပါတယ်။

အဲ့ဒီလူနဲ့ တယောတလက်က အချိန်ပြည့်အတူရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူနဲ့တယောက အကွာအဝေး ဝေးဝေးလံလံ နေရာမျိုးမှာ ရှိ‌မနေကြလို့လဲ ဖြစ်နိုင်ပါတယ်။ သူကအနုပညာကို ခုံမင်သူတဦးလား။ စိတ်ထွက်ပေါက် တခုအတွက် အသုံးချဖို့လား။ ဘယ်သူနဲ့မှ အရောတဝင် စကားပြောတာလဲမရှိ။ သူတယောကို တီးခတ်ချိန်ကလဲ ညအချိန်တွေမှာပါ။

စစ်ရှောင်တွေဆိုတာ ကလေးငိုသံကိုတောင် ဂရုစိုက်ကြရတာ မဟုတ်လား။ အသံကို တိတ်နိုင်သလောက် တိတ်နေမှ တော်ကာကျတယ်လို့ ပြောလို့ရမှာပါ။ ဒီလူကတော့ စစ်ရှောင်ရင် ညအချိန်‌တွေမှာ တယောကို တီးခတ်လေ့ရှိသူပါ။ ဘယ်သူကမှတော့ ကန့်ကွက်တာမျိုး မလုပ်ကြပါဘူး။ စစ်ရှောင်အဖွဲ့ကို ကြီးကြပ်ပေးတဲ့ သူတွေတောင် သူ့ကို အခုလိုအချိန်မျိုးမှာ တယောတီးခတ်ဖို့ မသင့်တော်ဘူးလို့ လာပြောတာမျိုး မရှိပါဘူး။

ညအချိန်တွေမှာ စစ်ရှောင်တဖွဲ့လုံး လူခြေတိတ်သွားတဲ့အချိန် စစ်ရှောင်အဖွဲ့ ရှိနေတဲ့နေရာနဲ့ မနီးမဝေး နေရာတနေရာကို ထွက်လာမယ်။ သူထွက်လာတဲ့အခါ ခွေးတကောင်က သူအနားမှာလိုက်လာမယ်။ သူစိတ်ကြိုက် နေရာထိုင်ခင်း‌တခုမှာ ထိုင်မယ်။ ခါတိုင်းလိုပဲ တယောကို တီးခတ်နေမယ်။ သူကျေနပ်လောက်တဲ့ အချိန်အထိ တယောကို တီးခတ်ပြီးချိန်မှာ သူအိပ်ရမယ့်နေရာကို ပြန်လာမယ်။

ခရီးတထောက်နားချိန်။ လမ်းခုလတ် တနေရာမှာနားချိန်။ အဲဒီတညမှာ ရွာသူရွာသား၊ ကလေး၊ လူကြီး ပါလာသမျှ ချက်ပြုတ်ဝေငှ စားသောက်ကြပါတယ်။ အဲ့ဒီလူကိုလည်း ဟိုလူ ခေါ်ကျွေး၊ သည်လူ ခေါ်ကျွေးနဲ့ အဲ့ဒီညက ညစာအတွက် သူ့အ‌နေနဲ့ဖူလုံသလို သူနဲ့အတူ ပါလာတဲ့ခွေးလည်း အစာမငတ်ခဲ့ရပါဘူး။

လူခြေတိတ်ချိန်ရောက်တော့ ထိုလူလည်း တနေရာကို ထွက်လာပါတယ်။ ‌တယောတလက်ကို ကိုင်ရင်းပေါ့။ သူ့ဘေးမှာတော့ ခွေးတကောင်က မပါမဖြစ်ပါ။ တစ်နေရာ အရောက်မှာ တောင်ကုန်းလေးတစ်ခုပေါ်ထိုင်ပြီး ပါလာတဲ့ တယောကို ဆွဲဆွဲငင်ငင် တီးခတ်လို့ နေပါတော့တယ်။ သူ့ဘေးကခွေးတကောင်က တောင်ကြည့် မြောက်ကြည့်နဲ့‌ပေါ့။

ကောင်းကင်းယံမှာလသာနေတယ်။ လရောင်အောင်မှာတော့ ခွေးတကောင်ရဲ့ဘေးမှာ တယောကိုတီး ခတ်နေတဲ့ သူတယောက်။ သူတို့ဘေးမနီးမဝေးမှာတော့ ယာယီတဲလေးတွေထဲ အနားယူ အိပ်စက် နေကြတဲ့ စစ်ဘေးရှောင်တွေ ရှိပါတယ်။

လရောင်အောက်မှာ လူတယောက် တယောကို ပိုင်ပိုင်နိုင်နိုင် တီးခတ်နေတဲ့ အသံကို ဘယ်သူတွေ ကြားနိုင်မှာလဲ။ သူ့တယောသံက သူ‌ ဆာလောင်နေတဲ့ လွတ်လပ်ခြင်း။ သူ ဆာလောင်နေတဲ့ လုံခြုံခြင်း အရာကို ဆွဲဆွဲငင်ငင် တောင့်တနေရင်း.…….

တာပလု ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here