သံတွဲကနေ မြေပုံမြို့နယ်ကို လသားသမီးလေးနဲ့အတူ ရောက်လာတဲ့ မသန်းအေးနုတယောက် အစားအစာအတွက် အကြပ်ရိုက်နေရှာပါတယ်။
သားအမိနှစ်ယောက် နေရေးအတွက် မပူရပေမယ့် စားရေး၊ သောက်ရေးအတွက်က လုံလောက်တဲ့ အစာအာဟာရ မရတာ ကြာပြီလို့ပြောပါတယ်။
လသားအရွယ် သမီးလေးနဲ့အတူ အလုပ်တခုခုထွက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သေးချိန်ဖြစ်ပါတယ်။တကယ်တော့ လသားအရွယ် ကလေးအမေတယောက်ဟာ သွေးနုသားနုအချိန်မို့ အပြင်အလုပ်တခု ထွက်လုပ်ဖို့ဆိုတာလဲ မဖြစ်နိုင်သေးပါဘူး။
“ဆီတွေဆားတွေက ဘယ်လိုဝယ်နိုင်မှာလဲ၊ ဟိုလူတွေပေး။ ဒီလူတွေပေး။ အဲဒီလို ပေးလို့သာ စားနေရတာ။ ထမင်းလည်း နပ်မှန်အောင်မစားရဘူး။ သူများတွေဆီကပေးမှ စားရတာ။ သူများတွေမပေးရင် မစားရဘူးပေါ့”မသန်းအေးနု တယောက် လက်ရှိရင်ဆိုကြုံတွေ့နေရတာကို ရင်ဖွင့်ပါတယ်။
လသားအရွယ် ကလေးငယ်တယောက်ကို နို့တိုက်နေရတဲ့ ကလေးမိခင်တယောက်အဖို့ အစားအာဟာရ လုံလောက်အောင်ရရှိဖို့ လိုပါတယ်။ မိခင်တယောက်အနေနဲ့ အစာအာဟာရလုံလောက်အောင် ရရှိမှပဲ ကလေးအတွက် နို့ ရည်လုံလောက်အောင် ပြန်လည် ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
အကူအညီပေးကြသူတွေတချို့ကတော့ မသန်းအေးနုတယောက် အစားအသောက် ပုံမှန်မစားရလို့ ကလေးအတွက် နို့ရည်တောင် ကောင်းကောင်းမထွက်ဘူးလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးကြသူတွေက မှတ်ချက်ပြုစကား ရေးသားထားကြတာကိုလည်း တွေ့ရပါတယ်။
မသန်းအေးနုတို့ သားအမိတွေဟာ ဒီနေရာကို ရောက်လာကြတာ အာရက္္ခပ်တော်(AA) က နေရာပြောင်းရွှေ့ဖို့ ပြောလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အရင်စစ်ရှောင်နေကြတဲ့နေရာမှာ လုံခြုံရေး အာမခံချက်မရှိလို့ အခုနေရာကို ပြောင်းရွှေ့ပေးခဲ့တာလို့ ပြောပါတယ်။
“ဒီမှာနေဖို့အတွက် အေအေက အုပ်ချုပ်ရေးမှူးတွေဆီက ခွင့်ပြုချက်ရထားတာဖြစ်တယ်။ စားသောက်ရေးအတွက်ကတော့ အုပ်ချုပ်ရေးမှူးတွေဆီက တစ်ခါတစ်ခါသွားရင် ဆန်တစ်တောင်း ပေးတာရှိတယ်။ အဲဒါနဲ့စားသောက်နေရတယ်။အဆင်ကတော့မပြေဘူး”လို့ မသန်းအေးနုက ပြောပြပါတယ်။
ဒီနေရာကို စစ်ရှောင်ဖို့ရောက်လာတာ လွယ်လွယ်ကူကူ ရောက်လာတာတော့ မဟုတ်ပါဘူး။ သံတွဲမြို့ ဂျိတ္တောရပ်ကွက်က မသန်းအေးနုရဲ့ ဇာတိချက်ကြွေပါ။
ဂျိတ္တောမှာတိုက်ပွဲတွေဖြစ်တော့ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဆိုတဲ့နေရာကို စပြီးစစ်ဘေးရှောင်ရပါတော့တယ်။
“ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းရောက်တော့လည်း တွင်းထဲမှာဘဲ နေနေရတယ်။နေ့ရော၊ညရော ချနေတယ်။လူတွေကလည်း သေသလားမပြော နဲ့ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းထဲမှာ စစ်ရှောင်တွေ အများကြီးကို သေတာ။ဘုန်းတော်ကြီးကျောင်းတွေမှာလည်းသေတယ်။မြို့တော်ခန်းမမှာလည်း သေတာအများကြီးဘဲ။အရီးတို့က ပြေးနေရလို့ မသေတာ” မသန်းအေးနု ကြုံတွေ့ရတဲ့မြင်ကွင်းတချို့ကို ပြောပြပါတယ်။
ဂျိတ္တောမှာနေခဲ့တုန်းက တိုက်ပွဲတွေစဖြစ်တော့ ဘယ်ကိုမှမပြေးဘဲ နေအိမ်မှာပဲ ဗုံးခိုကျင်းတူးပြီး နေကြတဲ့သူတွေ တော်တော်များများ သေဆုံးကြလို့ မသန်းအေးနုတို့ မိသားစု ကားတစီးငှားပြီး သံတွဲကိုထွက်ပြေးကြပါတယ်။
သံတွဲသွားတဲ့ ကားလမ်းနံဘေးမှာတော့ စစ်ကောင်စီတပ်သားတွေ အတုံးအရုံးသေဆုံးနေတာကို မြင်ခဲ့ရပါတယ်။ အဲ့ဒီမြင်ကွင်းဟာ စစ်မြေပြင်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရုင်ကားတကားထဲက စစ်ရဲ့အနိဌာရုံမြင်ကွင်းတွေလိုပါပဲ။ အဲ့ဒီမြင်ကွင်းတွေ တရိပ်ရိပ်ကျော်ဖြတ်ခဲ့လို့အပြီးမှာတော့ သံတွဲကို ရောက်လာပါတယ်။
“သံတွဲရောက်တော့လည်း ပြေးနေရသေးတယ်။လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်နေတော့”လို့ မသန်းအေးနုက ပြောပါတယ်။
မြို့တခုမှာ စစ်ဖြစ်လို့ ပြေးနေရတဲ့မိသားစုဝင်တွေဟာ နောက်ထပ်မြို့တခုမှာလည်း ခရီးရောက်မဆိုက် စစ်ပွဲကြီးကကြိုဆိုလို့ နေပါတယ်။
အဲဒီကနေပြီးတော့ ကင်းမော်ကို စစ်ဘေးရှောင်ဖို့ ထပ်ပြီးထွက်ခွါလာခဲ့ရပြန်တယ်။
“ကင်းမော်မှာ အရီးယောကျ်ားသေတော့ ခွေးလို ဝက်လို လွှင့်ပစ်ထားခဲ့ရတာ၊ မသင်္ဂြိုဟ်ခဲ့ရဘူး”လို့ မသန်းအေးနုတယောက် တခြမ်းပဲ့ဖြစ်သွားတဲ့ သူ့ရဲ့ဘဝအခြေအနေကို ပြောပြပါတယ်။
ကင်းမော်မှာ စစ်ရှောင်ရင်း စစ်ကောင်စီတပ်က လေကြောင်းကနေပစ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် မသန်းအေးနုရဲ့ အမျိုးသားလည်း လေကြောင်းပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရရှာပါတယ်။
“အရီးအမျိုးသားသေတာက ကင်းမော်မှာ စစ်ကောင်စီလေယောဉ်က ဗုံးကြဲတာခဲ့ရလို့ သေခဲ့ရတာ၊သူ့မှာက အစာအိမ်ရောဂါလည်း ဖြစ်နေတယ် အဲဒီတုန်းက”လို့ မသန်းအေးနုက ပြောပါတယ်။
ကင်းမော်ကနေ လေယာဉ်သံတွေ၊ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ထမင်းဖြောင့်ဖြောင့် မစားရ၊ အေးအေးချမ်းချမ်း မနေရတော့တဲ့အတွက် နောက်တနေရာကို ထွက်လာဖို့ ဆုံးဖြတ်ရပါတော့တယ်။
“ထွက်ပြေးနေရတုန်းမှာလည်း အရီးတို့လက်ထဲမှာက ငွေဆိုလို့လည်း တပြားမှလည်း မရှိဘူး” ကင်းမော်ကနေ ထွက်လာရတဲ့ အခြေအနေကို ပြောပြပါတယ်။
ကင်းမော်ကနေ ထွက်လာတော့ မသန်းအေးနုတို့ အရင်ကလို သားအမိ၊ သားအဖသုံးယောက်မဟုတ်တော့ပါဘူး။ ယောကျ်ားဖြစ်သူ သေဆုံးသွားတော့ အမေတခု၊ သမီးတခုဘဝကို ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ပါတော့တယ်။
လင်ယောက်ျားသေဆုံးသွားတာ၊ နောက်ဆုံးအချိန်မှာ လူသားဆန်စွာ မီးမသင်္ဂြိုဟ်ပေးလိုက်ရတာတွေ စတဲ့သောကအပူတွေနဲ့ ငေးငိုင်တွေဝေ မနေအားပါဘူး။ သားအမိနှစ်ယောက် အသက်ရှင်ရေးအတွက် အများနည်းတူ နောက်ထပ်နေရာတခုကို ပြောင်းရွှေ့ဖို့ ဖြစ်လာပါတော့တယ်။
ကင်းမော်ကနေပြီးတော့ အခုလက်ရှိနေထိုင်နေတဲ့ မြေပုံမြို့ကို ရောက်လာကြတာဖြစ်ပါတယ်။ မြေပုံကိုရောက်တော့ မသန်းအေးနု ရင်ဆိုင်ရတာ ကိုယ့်ကိုယ်ကို အာဟာရပြည့်ဝအောင် စားရဖို့အတွက်က ဘဝရဲ့စိန်ခေါ်ချက် ဖြစ်လာပါတယ်။
သံတွဲမှာ စစ်ဘေးရှောင်နေတုန်းက ကယ်ဆယ်ရေးအဖွဲ့ကပေးတဲ့ ဆန်တွေ၊ ဆီတွေ ရခဲ့ဖူးတယ်။ ကင်းမော်ရောက်တော့ ငွေလေးသိန်းနှစ်သောင်း(၄၂၀၀၀၀) ရခဲ့ဖူးပါတယ်။ မသန်းအေးနုတယောက် အစားအ သောက် လုံလောက်အောင် မစားရလို့ ကလေးအတွက် မိခင်နို့ရည် လုံလောက်အောင် မထွက်တာတွေ ရှိပါတယ်။
ကလေးကို တောင်းယူမွေးစားကြတဲ့ သူတွေလဲရှိပါတယ်။ အဲ့ဒီလိုကလေးကို တောင်းယူမွေးစားမယ်လို့ ပြောလာတဲ့အခါ မသန်းအေးနုက အခုလိုပြန်ပြောရှာပါတယ်။
“အရီးကတော့ ကိုယ့်ကလေးကို မပေးနိုင်ဘူးလို့၊ ငါတောင်းပြီးတော့ ကျွေးသွားမယ် မပေးဘူးလို့ပြောလိုက်တယ်”လို့ သူကပြောပါတယ်။
ရွာစစ်ရှောင်ဖို့ထွက်လာရင်း ကြုံတွေလိုက်ရတဲ့ မြင်ကွင်းတွေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နေတာဖြစ်ပါတယ်။ သူ့ရဲ့တခုတည်းသောဆုံးဖြတ်ချက်ကို သူ့ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ ကလေးကို သူကိုယ်တိုင် ရှာဖွေ၊ ပြုစုစောင့်ရှောက်သွားဖို့ပဲ ဖြစ်ပါတယ်။
လသားအရွယ် သမီးလေးကတော့ အမေ့နို့ပိန်ကလေးကိုစို့ပြီး ရှင်သန်ဖို့ ကြိုးစားနေရှာပါတယ်။