ဟက်ဟက်ပက်ပက် မပျော်ရတာ ကြာပါပြီ။ အရင်ကလို မျက်နှာပြုံး ရှိမှရှိသေးရဲ့လား ဆိုတာလဲ ကိုယ့်ကိုယ်ကို ပြန်ပြီး သံသယဖြစ်မိတယ်။ မပျော်ရဘူး။ မပြုံးရဘူး။
သေချာတာ စိတ်ရှိလက်ရှိ မပျော်ရတာ ကာလတခု ရှိသွားတာတော့ သေချာပါတယ်။ ဒီကာလမှာပဲ ကြည့်ဖြစ်တဲ့ The Glory ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ကိုရီးယားမင်းသမီးအွန်စော (Song Hay Kyo)ရဲ့ ဒိုင်ယာလော့တခုမှာ “ကိုယ်လက်စားချေရမယ့်ကိစ္စမပြီးမချင်း မပြုံးမရယ်ရဘူး”တဲ့။
သေချာတာတခုကတော့ ကျနော့ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲမပျော်ရတာ၊ မပြုံးရတာ၊ မျက်မှောင်ကြုပ်ပြီးနေခဲ့ရတာ ကာလတခုရှိနေပါပြီ။ ဘာကြောင့်လဲဆိုတာကိုတော့ အဖြေရှာမရပါဘူး။ ဒါမျိုးက အခုမှဖြစ်ဖူးတာတော့ မဟုတ်ပါဘူး။ ငယ်ဘဝပုံရိပ်တချို့ကို နောက်ကြောင်းပြန်ကြည့်ရင် အဲ့ဒီလိုနေ့ရက်တချို့ ရှိခဲ့ဖူးတာ ပြန်သတိရမိပါတယ်။
မပျော်ရတဲ့ အကြောင်းပြောရင် အတွေးထဲမှာ စိန်ခြယ်ပန်းတွေဟာ တပွင့်ချင်း ပွင့်ချပ်တွေ ပေါ်လာပါတယ်။ စိန်ခြယ်ပန်းတွေဟာ ပန်းအမျိုးအစားတမျိုးဖြစ်ပေမယ့် လူတယောက်ကို ဆူးတချောင်းလို ထိုးနှက်ဖူးကြတယ်လို့ ပြောရင် လွန်လေမလား မပြောတတ်ပါဘူး။
ဆရာကြီးရွှေဥဒေါင်းပြောသလို ဆူးတွေစူးခံရတဲ့ တချောင်းချင်းစီကို ပြန်ကြည့်လိုက်ရင် ကျနော့မှာ စိန်ခြယ်ပန်းဆူး စူးခံရခဲ့ဖူးတာကိုတော့ အမှတ်ရမိနေတုန်းပဲလို့ ပြောရမှာပါ။ အဲ့ဒီဆူး စူးခံရတာကို အရေပြားပေါ်ကနေ တလွှာချင်းဖယ်ပြီး ဆူးကိုဖယ်ထုတ် လှစ်ဟပြချင်ပါတယ်။ ဆူးစူးခံရတာကို သက်သာလို သက်သာငြားပေါ့။
ပန်းမျိုးစိတ်တွေထဲကမှ စိန်ခြယ်ပန်းဆိုတဲ့ ပန်းမျိုးစိတ်တခုရှိပါတယ်။ ကျနော်ငယ်ငယ်က အိမ်မှာအမြဲစိုက်ဖြစ်တဲ့ ပန်းအမျိုးအစားတခုပါ။ ကျနော် လူပျိုပေါက်အရွယ်မှာလဲ ဒီပန်းကို စိုက်တုန်းပါပဲဗျ။
စိန်းခြယ်ပန်းစိုက်ခင်းကို နှစ်တိုင်းလိုလို အိမ်မှာစိုက်ပါတယ်။ နှစ်တိုင်းလိုလိုဆိုတာ မိုးကျခါနီးပြီဆိုတာနဲ့ စိန်ခြယ်ပန်းပင်တွေကို အဖေက ပျိုးပင်တွေ စပြီးပျိုးထောင်တော့တာပါပဲ။ ပျိုးပင်တွေ တထွာ၊ တမိုက်လောက်ဆိုရင် နေရာရွှေ့ပြီး စိုက်ရပါတယ်။
စိန်ခြယ်ပန်းပင်တွေစိုက်ရင် ကရိကထ မရှိဘူး။ မြေပေါ်ချစိုက်ပြီးတာနဲ့ မရှင်တဲ့အပင်ရယ်လို့ မရှိပါဘူး။ စိုက်ပျိုးစားရိတ်ကလဲ များများမလိုတဲ့အတွက် အရင်းနည်းနည်းနဲ့ အမြတ်များများကျန်တဲ့ ပန်းစိုက်ပျိုးရေးတခုလို့ ပြောလို့ရပါတယ်။ ပြုပြင်ရတာ၊ ဂရုစိုက်ရတာလဲမရှိဘူး။ ဒီပန်းအမျိုးအစားကို စိုက်ရင် အလွယ်အကူဆုံးလို့တောင် ပြောလို့ရပါတယ်။
စိန်ခြယ်ပန်းမျိုးစိတ်တွေ ဘယ်ကအစပြုပြီး ပေါ်ပေါက်လာလဲတော့ မသိပါဘူး။ ကျနော့ငယ်ဘဝ ပုံရိပ်တွေထဲမှာတော့ ပန်းသည်ကလေးတဖြစ်နဲ့ ပန်းခူးရောင်းတဲ့ သူတယောက် ဖြစ်ခဲ့ဖူးပါတယ်။
စိန်ခြယ်ပန်းပွင့်တွေက အကိုင်းအခက်တွေကနေ ပွင့်တာပါ။ ပန်းပွင့်ကို လိုချင်ရင် အကိုင်းအခက်တွေကို ကပ်ကြေးနဲ့ ကိုက်ဖြတ်ရတာ၊ ဓားအသေးနဲ့ တိုက်ဖြတ်ရတာမျိုး လုပ်ရတယ်။ အကိုင်းအခက်တွေ ဖြတ်တောက်ခူးရပေမယ့် အကိုင်းအခက်အသစ်တွေ ပြန်တက်လာပြီး ပန်းပွင့်အသစ်အသစ်တွေ ဖူးပွင့်ပေးပါတယ်။
ခူးလိုက်၊ အကိုင်းအခက်အသစ် တက်လာလိုက် အပွင့်ကလေးတွေ ပွင့်လိုက်နဲ့ တရာသီစာ လှိုင်လှိုင်ဖူးပွင့်ပြီးတာနဲ့ ပန်းပွင့် ပွင့်တဲ့တရာသီ ပြီးဆုံးချိန်အထိကို ဖူးပွင့်ပေးတာပါ။ အချိန်တန်တော့လဲ အကိုင်းအခက် ဆက်မတက်တော့ဘဲ အပင်အိုဘဝနဲ့ နိဂုံးအဆုံးသတ်ပါတော့တယ်။
ကျနော်က ပန်းခင်းထဲမှာ အမြဲရှိနေတတ်တယ်။ အဲ့ဒီစိန်ခြယ်ပန်းခင်းထဲမှာ ကျနော်အမြဲလိုလိုရှိနေတတ်တယ်။ အထူးသဖြင့် ပန်းခူးရာသီဆို ပန်းခင်းထဲက ထွက်ရတယ်လို့တောင် မရှိဘူးလို့ပြောရမယ်ထင်ပါတယ်။
ပန်းဝယ်သူတယောက်ယောက်က ပန်းခင်းအနားထိလာပြီး ဝယ်ယူကြတယ်။ ပန်းဝယ်သူတွေကတော့ ပန်းမခူးတတ်တဲ့သူ များပါတယ်။ အခင်းရှင်ကျနော်ပဲ ခူးပေးရတာများပါတယ်။ တခါတလေတော့ အမေက ကူပြီးပန်းခူးပေးပါတယ်။
ပန်းဝယ်သူတွေက တချို့က မင်္ဂလာဆောင်မှာ ပန်းကမ်းဖို့အတွက် လာဝယ်ကြတာရှိသလို၊ တချို့က နာရေးမှာအသုံးပြုဖို့ လွမ်းသူပန်းခွေအတွက် လာဝယ်ကြတာရှိပါတယ်။
ပန်းခင်းအခင်းရှင်ကတော့ ပန်းရောင်းရရင် ပျော်ပါတယ်။ အစပိုင်းနေ့ရက်တွေဟာ ပျော်ရတယ်ပဲ ပြောရမှာပါ။ အမေနဲ့အဖေ ဘဝအစမှာလည်း စိန်းခြယ်ပန်းရောင်းပြီး စခဲ့ကြတယ်။ အဖေက ခြံပေါက်နွားတရှင်းနဲ့ ကိုယ့်လယ်ထဲမှာ ထွန်ယက်သလို၊ တခြားသူတွေအခင်းမှာလဲ လိုက်ထွန်ယက်ပြီး အပိုဝင်ငွေရှာပါတယ်။ အမေကတော့ စိန်ခြယ်ပန်းတွေ ခေါင်းပေါ်ရွက်ပြီး ပန်းသည်ကြီးဖြစ်ခဲ့ပါတယ်။
စိန်ခြယ်ပန်းရောင်းရငွေနဲ့ ဆန်အိုးထဲက ဆန်တွေပြည့်လာ၊ လယ်တရှင်ပြီးတရှင် ဝယ်နိုင်ဖို့ ဖြစ်လာ၊ ကလေးတွေကျောင်းစားရိတ်ဖြစ်လာ၊ အိမ်ရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ဖြည့်တင်းဖို့အတွက် ဖြစ်လာတာပါ။ ဒီတော့ ပန်းရောင်းရဖို့ကိုပဲ ထိုင်မျှော်နေရတာမျိုးပေါ့။
အရပ်ထဲ ဘယ်သူတွေ မင်္ဂလာဆောင်မလဲ၊ ဘယ်သူတွေသေမလဲဆိုတာ ထိုင်မျှော်နေသလိုဖြစ်လာတယ်။ အဲ့ဒီလိုနေ့ရက်တွေ ကြာလာတော့ မပျော်ရွှင်ခြင်းတွေက တစတစဖြစ်လို့လာပါတော့တယ်။
ညတညမှာ အမေရယ်၊ ကျနော်ရယ် ခူးလာတဲ့ပန်းတွေကို သူ့အရွယ်အစားအလိုက် စည်းနေချိန်၊ အဲ့ဒီညဟာ သီတင်ကျွတ်လပြည့်ညပေါ့။ အရပ်ထဲ ယမ်းဖောက်သံတွေနဲ့ ရွာဇရပ်မှာ ဝါကျွတ်သီချင်း ဖွင့်နေချိန်မှာ ကျနော့်ရဲ့ မပျော်ရွှင်ခြင်းကို ဘယ်လိုမှ ကုစားပေးလို့မရပါဘူး။
ကလေးပီပီ တနေရာရာမှာ ဆော့ကစားနေရမယ့်အချိန်မျိုးမှာ နားရေးအတွက် ပန်းရောင်းပေးဖို့ ပန်းစည်းတွေကို တစည်းပြီးတစည်း စည်းပေးနေရတာကြီးက တကယ့်ကို မပျော်ရွှင်စရာကြီးပါပဲ။
အမေအဲ့ဒီပန်းတွေကို မရောင်းတော့ရင်ကောင်းမှာပဲလို့ ပြောမိတယ်။ အမေက ဒီပန်းမရောင်းရင် ဘာနဲ့ထမင်းစားမလဲတဲ့။ ဆန်အိုးထဲက ဆန်မရှိတဲ့အခါ နို့ဆီဗူးအခွံတလုံး ၄၀ ဝင်အိုးအခွံထဲ ကျသွားတဲ့အသံက ကလေးတယောက်ကို စိတ်ဖိစီးစေတာတော့ အမှန်ပဲ။
ဒီအသံကို မကြားချင်ဘူး။ ဆန်အိုးထဲ ဆန်အပြည့်ရှိရင် ဒီအသံဘယ်ကြားရမလဲ။ ဒီတော့ ဆန်အိုးထဲဆန်ရှိနေဖို့က ပန်းခူးရမယ်၊ ပန်းရောင်းရမယ်ဆိုတဲ့ အသိက ပြောနေစရာမလိုတော့ဘူးပေါ့။ အမေ့ရဲ့ ဆန်မရှိရင် ဘာနဲ့စားမလဲဆိုတဲ့ မေးခွန်းမျိုး အမေးခံရရင် နို့ဆီခွက်သံက နားထဲကို စူးစူးနစ်နစ်ကြီး ဝင်ရောက်လာတော့တာပဲ။
ဒီလိုကြောင့်ပဲ ပန်းမရောင်းချင်ရောင်းချင်၊ ပန်းမခူးချင်ခူးချင်၊ ပန်းမစည်းချင် စည်းချင်နဲ့ လုပ်နေရတော့တာပဲ။ မလုပ်လို့လဲမရဘူး။ ဆန်အိုးက ကျနော့်အိပ်ယာဘေးမှာ။ မနက်မိုးလင်းလို့ အမေက ထမင်းထချက်ရင် ဆန်အိုးထဲ နို့ဆီခွက်ကျသံကို အသံမမြည် မြည်အောင် ပစ်ချတတ်တယ်။ ဒီအသံဟာ လူတယောက်ကို အချိန်ကာလတခုအထိ လွှမ်းမိုးထားခြင်း ခံနေရတယ်လို့ပဲ ပြောရပါမယ်။
မိသားစုက တဖြေးဖြေးအတိုးပဲ။ ကလေးတွေတယောက်ပြီးတယောက် တိုးလာချိန်မှာတော့ ပန်းခင်းတခင်းစာနဲ့ မိသားစုစားဝတ်နေရေးကို လုံလောက်အောင် မဖြည့်ဆည်းနိုင်တော့ပါဘူး။
ပန်းတွေဘယ်လောက်ပဲ ရောင်းရပါစေ။ ဆန်အိုးထဲ ဆန်ပြည့်မလာတော့တဲ့ နေ့ရက်တွေ ပိုများလာတယ်။ နို့ဆီခွက်အသံကို မနက်အိပ်ယာမနိုးခင်ကကို ကြားနေရတာ အချိန်ဘယ်လောက်ကြာသွားလဲတော့ မသိဘူး။ ဆန်အိုးအခွံထဲ နို့ဆီခွက်အခွံကျသံဟာ မနက်မနက် အိပ်ယာနိုးဖို့အတွက် နှိုးစက်လိုပါပဲ။
အမေအချက်ပေးတဲ့ နှိုးစက်သံပါ။ မနက်မိုးလင်းလို့ အိပ်ယာက မထသေးဘူးဆို နှိုးစက်သံကျယ်ကျယ်ကြီးကို ကြားရမှာ။ ဒီနှိုးစက်သံကို မကြားချင်ဘူးဆိုရင်တော့ အိပ်ယာစောစောထဖို့သာ ပြင်ထားပေတော့ပဲ။
အလုပ်ခွင်ချဲ့ထွင်လာပြီ။စိန်ခြယ်ပန်းခင်း တခင်းနဲ့ မရတော့ဘူး။ နှစ်ခင်းသုံးခင်း စိုက်ပျိုးလာရပြီ။ စိန်ခြယ်ပန်းအပြင် တခြားပန်းအမျိုးအစားတွေပါ စိုက်ပျိုးလုပ်ကိုင်လာရပါပြီ။ အလုပ်ခွင်ကျယ်ရင် ကျယ်သလောက် လုပ်အားပိုလိုလာတယ်။ လိုလာတဲ့လုပ်အားက ကျနော်တို့ပဲရှိတာ။ ကိုယ်ကိုယ်တိုင်မှ ထမလုပ်ရင် နှိုးစက်သံကျယ်ကျယ်ကို ကြားရမှာပါ။
နှိုးစက်သံ ကျယ်ကျယ်လောင်လောင်အသံကို မကြားချင်တော့ မနက်မိုးလင်းတာနဲ့ ပန်းခင်းအလုပ်ခွင်ထဲ ရောက်ရတော့တာပါပဲ။ ဘယ်လောက်ပဲ ဝီရိယထားထား မိသားစုစီးပွားရေးက ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပါပဲ။ ဆန်အိုးထဲဆန်မပြည့်တာ အချိန်အတော်လေး ကြာသွားပါပြီ။
အမေအဲ့ဒီပန်းတွေ စိုက်လို့၊ ရောင်းလို့လဲ၊ ဘာမှထူးလာတာမရှိပါဘူး။ လူတွေဘယ်လောက် မင်္ဂလာ ဆောင်ဆောင်၊ လူတွေဘယ်လောက်သေသေ အိမ်မှာ ဆန်အိုးထဲ ဆန်ပြည့်မလာတော့ဘူး။ အချိန်ကုန်ခံပြီး စိုက်မနေတော့တာ မကောင်းဘူးလားလို့ အမေ့ကိုပြောတော့ အမေဘာမှ ပြန်မပြောဘူး။
ပန်းပင်တွေမစိုက်ချင်တော့ဘူး။ စိန်ခြယ်ပန်းကို မစိုက်ချင်တော့တာပါ။ အဲ့ဒီနေ့က ညီမဝမ်းကွဲတယောက် အမျိုးသမီးရောဂါနဲ့ သေသွားတာ။ သူနဲ့က ကျောင်းသွားလဲအတူ၊ ကျောင်းပြန်လဲအတူပါပဲ။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းရောက်တော့လဲ သူနဲ့အတန်းကတတန်းထဲပါပဲ။
ကျောင်းသွား၊ ကျောင်းပြန်လုပ်ရတဲ့ လမ်းက ကျနော့်အိမ်က စိန်ခြယ်ပန်းတွေစိုက်ထားတဲ့ ပန်းစိုက်ခင်းကို ဖြတ်ဖြတ်သွားရတာပါ။ ညီမဖြစ်သူက မိန်းကလေးပီပီ ပန်းတွေလှိုင်လှိုင်ပွင့်တဲ့အခါ သဘောကျတယ်။ သူကျောင်းသွားရင် ပန်းပန်ဖို့ ပန်းအခင်းထဲ တပွင့်တလေ ဝင်ဝင်ခူးသွားတတ်တယ်။
သူငယ်ချင်းတွေ၊ ညီတွေ၊ ညီမတွေနဲ့ ကျောင်းသွား၊ ကျောင်းပြန်တဲ့လမ်းမှာ ကျနော်တို့အိမ်က ပန်းစိုက်ခင်းတွေက လှိုင်လှိုင်ကြီးကို ဖူးပွင့်ဝေဆာနေကြတာ။ သူငယ်ချင်းတယောက်ကမေးတယ်။ ပန်းတွေကို ဘယ်မှာအရောင်းရဆုံးလဲဆိုတာ။ အနီးအနားရွာတွေက နာရေးဖြစ်ရင် လာလာဝယ်ကြတယ်။
နာရေးအတွက် ပန်းရောင်းပေးရတာ ပိုများသလိုပဲလို့ ပြောလိုက်တာ။ ညီမဖြစ်သူက “ငါသေရင် လွမ်းသူပန်းခွေလုပ်ဖို့ နင်တို့ပန်းခင်းထဲကပန်းတွေ ပေးရမယ်နော်”လို့ပြောတော့ ကျောင်းသွားဖော်သွားဖက်တွေက မပြောကောင်းမဆိုကောင်းဆိုပြီး ဝိုင်းပြောကြတာ။
မကြာလိုက်ပါဘူး။ အဲ့ဒီနှစ် ပွင့်လင်းရာသီအရောက်မှာပဲ ညီမဝမ်းကွဲသေသွားတာ။ သူတို့အိမ်က လူတယောက် ပန်းလာဝယ်တော့ သူမသေခင်ပြောသွားတာကို မပြောပြလိုက်ပါဘူး။
ပန်းခင်းတခင်းက လူတယောက်ကို စိတ်အနာတရဖြစ်အောင် လုပ်နေတာလား။ အိမ်အတွက် စားဝတ်နေရေး မဖြည့်ဆည်းပေးနိုင်တော့တာ၊ပန်းပွင့်တွေနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာတချို့ ရလာတာတွေ ဆက်တိုက်ဆိုသလို ရှိလာပါတယ်။
ပန်းခင်းထဲရောက်တိုင်း စိတ်ရဲ့မပျော်ရွှင်ခြင်းတွေကို တခုပြီးတခု ဖြစ်လာတာပါ။ တဖက်မှာတော့ စားဝတ်နေရေး ဆိုတာကြီးကို အပေါက်ဖာနေရချိန်မို့ စွန့်ပယ်လိုက်လို့ကလဲ မဖြစ်ပြန်ဘူး။
“အမေ အဲ့ဒီပန်းပင်တွေ ခုတ်ပလိုက်ရကောင်းမယ်နော်။ ပန်းပွင့်တွေက လွမ်းသူပန်းခွေတွေပဲ လုပ်နေရတာ”
ချက်ချင်းဆိုသလို အမေ ထအော်တယ်။ ဒီကောင်လေး မဦးမချွတ် ဘာတွေလျှောက်ပြောနေတာလဲ။ သွားဘုရားသောက်တော်ရေနဲ့ ပလုပ်ကျင်းလိုက်လို့ပြောတော့ အမေပြောတဲ့အတိုင်း ဘုရားသောက်တော်ရေယူပြီး ပလုပ်ကျင်းလိုက်ရသေးတယ်။
တကယ်တော့အဲ့ဒီညဟာလဲ အမေနဲ့ ကျနော်ပန်းတွေ တစီးပြီးတစီး စည်းနေတာပါ။ မနက်ဖြန်မှာ လူတယောက်နာရေးအတွက် အမှာရထားတဲ့ ပန်းတွေကို အခင်းထဲကခူးပြီး စည်းပေးနေချိန်ဖြစ်ပါတယ်။
ပန်းတွေအပွင့်ပွင့်လာရင် အလှူမင်္ဂလာနဲ့ နာရေးအပြင် အမေခေါင်းရွက်ရောင်းတဲ့ ပန်းပွင့်လေးတွေက ဘုရားပန်းထိုးကြတာပါ။
ပန်းတွေလက်မလည်နိုင်အောင် ရောင်းနေရပေမယ့် မိသားစုစားဝတ်နေရေးက သက်တောင့်သက်သာရှိတယ်လို့ ပြောလို့မရပါဘူး။ မီးဖိုးချောင်ထဲက ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်အတွက်တောင် အနိုင်နိုင်ဖြစ်လာတာ။
တရက်တော့ အဖေနဲ့အမေ မနက်အစောကြီး အတင်အချ စကားတွေများနေကြတယ်။ ပန်းတွေဒီလောက် ရောင်းရပြီး အကောင်အထည်မပြနိုင်လို့ဆိုပြီး အဖေက ရန်ရှာနေတာ ဖြစ်ပါတယ်။ အဲ့ဒီရန်ပွဲက အဲ့ဒီနေရာမှာပဲ မရပ်သွားဘူး။
“သားကြီး အဲ့ဒီစိန်ခြယ်ပင်တွေ အကုန်သွားခုတ်ပစ်”
အဖေရဲ့တချက်လွတ်အမိန့်ကို မနာခံလို့လဲမရဘူး။ ကျနော်လဲ ဓားရှည်တချောင်းဆွဲပြီး လယ်တဧကနီးနီး စိုက်ထားတဲ့ အပင်ထွက်ခါစ ပန်းပင်တွေကို တပင်မကျန်အောင် ခုတ်ပစ်လိုက်တယ်။
ပန်းပင်တွေက ဓားရှည်တချောင်းနဲ့ ဘယ်တချက်ယမ်း၊ ညာတချက်ယမ်းလိုက်ရင် အပင် သုံးလေးဆယ်က ချက်ချင်းဆိုသလို ထက်ပိုင်းကျိုး ပျက်စီးကုန်တော့တာပဲ။ စိတ်ထဲမှာတော့ ဒီလိုခုတ်ပစ်ချင်နေတာကြာပေါ့။
ရေဆာနေတဲ့သူကို ရေတွင်းထဲချပေးလိုက်သလိုပဲ။ အဖေက ပန်းပင်တွေ တပင်မကျန် ခုတ်ပစ်ဆိုတော့ အမြစ်ပါမကျန် ခုတ်ပစ်လိုက်တော့တာ။ စိန်ခြယ်ပန်းပင်တွေက အသက်မာတယ်။ အငုတ်တိုလေးကျန်ရင်တောင် အသက်ရှင်ပြီး အပွင့်ပွင့်သေးတာ။
ဒီပန်းတွေအပွင့်ပွင့်လာမှာကို ကြောက်နေတာ။ ဒီပန်းတွေ အပွင့်ပွင့်လာရင် တယောက်ယောက် နာရေးဖြစ်တော့မလားဆိုတဲ့ စိတ်သောကရောက်ရခြင်းမျိုးကိုလည်း ခဏခဏဖြစ်နေတာ။ အခုတော့ အားရပါးရ ပန်းပင်တွေကို တပင်ချင်း ခုတ်ခွင့်ရလိုက်ပြီ။
ဒီပန်းပင်တွေ မရှိတော့ရင် ရွာတရွာက နာရေးသတင်း ကျနော်တို့အိမ်ကို မရောက်လာတော့ဘူးပေါ့။ ဘယ်နေရာက နာရေးသတင်းပဲဖြစ်ဖြစ် ကိုယ့်နဲ့ မိသားစုဝင်အဖြစ် မနီးစပ်ရင် အဲ့ဒီနာရေးသတင်းကို မကြားရတော့ဘူးပေါ့။
အိမ်မှာ ဆန်မရှိတဲ့နေ့ရက်တွေကို အံတုရင်ဆိုင်ရရင်လဲ ရင်ဆိုင်ရပါစေပေါ့။ နို့ဆီခွက်သံ ပိုပြီးကျယ်ကျယ်လောင်လောင်လောင် ကြားရင်ကြားရပါစေပေါ့။ စိတ်ထဲမှာတော့ တနေရာရာက နာရေးအတွက် ပန်းခူးပြီး မရောင်းရတော့တာကို တခုခုပေါ့ပါးသွားသလို ဖြစ်သွားပါတယ်။
မပျော်ရွှင်ရတဲ့ နေ့ရက်တွေအကြောင်း ပြောကြရင်၊မပျော်ရွှင်ရတဲ့ နေ့ရက်တွေအကြောင်း ဖတ်ရရင်၊ မပြောရွှင်ရတဲ့အကြောင်း တယောက်နဲ့တယောက် ပြောကြတဲ့အခါ ကျနော့်စိတ်ထဲမှာ စိန်ခြယ်ပန်းတွေ ပြန်ပြန်ပြီး ပွင့်လာသလိုပါပဲ။
ကုစားခြင်းဆိုတာ တချို့အရာတွေကိုသာ ကုစားချေဖျက်လို့ ရနိုင်မယ်လို့ထင်ပါတယ်။ တချို့အရာတွေက ကုစားချေဖျက်လေလေ အတိတ်ပုံရိပ်တွေက ကွက်ကွက်ကွင်းကွင်း ပြန်ပြီးပေါ်လာလေလေပါပဲ။
တခုခုစိတ်ညစ်စရာနဲ့ ကြုံကြရတဲ့အခါ “ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူး”တဲ့။ ပန်းတွေပွင့်တိုင်းရော သက်တောင့်သက်သာ ဖြစ်မယ်ထင်ပါသလား။ တချို့ ပန်းတွေပွင့်လာတာဟာ ဒဏ်ရာဒဏ်ချက် အနာဟောင်းကို ပြန်ပြီးနှိုးဆွပေးသလို ဖြစ်သွားတတ်လို့ပါပဲ။
ပန်းတွေပွင့်ရင် လန်းဆန်းခြင်းကို ရစေမှာပါ။ တယောက်ယောက်ဆီမှာ ပန်းအမျိုးအစား တခုခုဟာ မနှစ်မြို့စရာ ဖြစ်နေနိုင်ပါတယ်။ ပန်းအမျိုးအစားတခုခုဟာ တယောက်ယောက်အတွက်တော့ ကုစားချေဖျက်ပေးရာ အဆင်း၊ အနံ့၊ အထိအတွေ့တွေနဲ့ ရှင်သန်ရာလမ်းမှာ ခွန်အားပေးနိုင်မှာပါ။
ddefsi