တစ်ချိန်က ရခိုင်အဆိုတော် တစ်ဦးဖြစ်တဲ့ ကောင်းစံဟိဏ်း (ခ) စန်းလွင်ကို UNHCR ကဒ်အတု ပြုလုပ်မှုဆိုတဲ့ စွဲချက်အပါအဝင် စွဲချက်ပေါင်း ၁၇ ခု နဲ့ တရားစွဲဆိုပြီးတော့ မလေးရှားအစိုးရက ထောင်ဒဏ် ၁၃ နှစ် နဲ့ ၇ လကိုချမှတ်ခံခဲ့ရတယ်လို့ Malaysiagazette သတင်း မှာ ဖော်ပြထားပါတယ်။
ထောင်ဒဏ် ၁၃ နှစ် နဲ့ ၇ လ ချမှတ်တာကို ခံခဲ့ရတဲ့ ရခိုင်အဆိုတော် ကောင်းစံဟိန်း (ခ) ကိုစန်းလွင်ဟာ UNHCR ကဒ်အတုပြုလုပ်တာ နဲ့ ၊ တခြားသောစာရွက်စာတမ်းတွေကို အတုပြုလုပ်ကြောင်းကို သူကိုယ်တိုင်ဝန်ခံထွက် ဆိုချက်ပေးခဲ့တဲ့ အတွက် ဇန်နဝါရီ ၂၂ ရက်ရုံးချိန်းမှာ အခုလို အမိန့်ကိုချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီအမှု တွဲနဲ့အတူ ပါဝင်နေတဲ့ နိုင်ငံကူးလက်မှတ် နဲ့ စာရွက်စာတမ်း အတု တွေကို လက်ဝယ်ထားရှိတဲ့ မြန်မာနိုင်ငံသား လင်မယားနှစ်ဦးဖြစ် တဲ့အသက် ၃၁ နှစ်အရွယ် ဇော်နိုင် နဲ့ အသက် ၂၉ နှစ်အရွယ် ခင်စောဝေ အပါအဝင် အသက် ၁၈ နှစ်အရွယ် မွတ်ဆလင် လူငယ်တစ်ဦး တို့ကိုလည်း ထောင်ဒဏ် ၆ လကနေပြီးတော့ ၈ လအထိ အသီးသီးချမှတ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကိုလည်း မလေးရှားနိုင်ငံအထူးလုံခြုံရေးတပ်ဖွဲ့ (NSSF)က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း Malaysiagazette သတင်းမှာ ဖော်ပြထားပါတယ်။
စာရွက်စာတမ်းအတုလုပ်မှု နဲ့ ထောင်ဒဏ် ၁၃ နှစ် နဲ့ ၇ လကိုချမှတ်ခံခဲ့ရတဲ့ ကောင်းစံဟိဏ်း (ခ) ကိုစန်းလွင်ဟာ ကျောက်ဖြူမြို့နယ် ဇာတိဖြစ်ပြီးတော့ရခိုင်သီချင်းတွေကို သီဆိုသူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ မလေးရှားနိုင်ငံ အတွင်းမှာ ခရီးသွားဝန်ဆောင်မှု နဲ့ ပါစ့်ပို့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေသူ လည်းဖြစ်ပါတယ်။




