သံတွဲမြို့နယ် အတွင်းမှာ အခြေစိုက်ယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် အေအေ က အပြီး သတ်သိမ်းပိုက်ရယူပြီးနောက် အဲဒီသံတွဲမြို့တွင်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ငပလီမြို့ ဂျိတ္တောရပ်ကွက် မှာ အေအေရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့ အတွက် ခုခံစစ်အနေ နဲ့ထပ်မံစစ်ရေးအတွက် ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ သံတွဲမြို့ စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့်နေသူတွေကဆိုပါတယ်။
သံတွဲမြို့နယ် အတွင်းမှာ အခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်အေအေ က ဇူလိုင်လ ၁၆ ရက်နေ့မှာ အပြီးသတ် မောင်းထုတ်ရှင်းလင်းနိုင်ခဲ့ပြီးနောက်မှာ အဲဒီကနေ မော်ငရွေလေး ရေတပ်စခန်းကို ထွက်ပြေး သွားတဲ့ စစ်ကောင်စီ တပ်တွေဟာ မောင်ရွှေလေးရေတပ်စခန်းကို ဝင်ခွင့်မရတဲ့အတွက် ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ အေအေ ရဲ့ထိုးစစ်ကို ခုခံ နိုင်ဖို့အတွက် ထပ်မံ ပြင်ဆင်တာတွေ ရှိနေတယ်လို့ သံတွဲမြို့ စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
“သံတွဲမြို့တွင်းမှာတော့ မရှိတော့ စစ်တပ်က အကုန်ပြေးကုန်ကြပြီ။အခု မြို့ အဝင်အထွက်တွေကိုလည်း အေအေ က ပိတ်လိုက်ပြီ။ စစ်ကောင်စီတပ်တွေက ပြေးတုန်းကတော့ ရေတပ်ကိုပြေးတာ ဒါပေမယ့် ရေတပ်ကလာခွင့်မပြုဘူး လို့ဆိုတာကြောင့် မြို့တွင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဂျိတ္တောမှာ ခုခံစစ်အတွက်ထပ်ပြင်နေတာတွေ ရှိတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် အဲဒီဂျိတ္တောရပ်ကွက်အတွင်းက ခုခံစစ်လုပ်နေတဲ့ နေရာကို စစ်ကောင်စီက မောင်ရွေလေးရေတပ်မှာ ရှိနေတဲ့ စစ်အင်အား နဲ့ ဇလွန်ဘုန်း ကြီးကျောင်းမှာ နေထိုင်နေတဲ့ စစ်အင်းအား ၃၀၀ ဝန်းကျင်ကို မနေ့က ညနေမှာ ထပ်မံပို့ဆောင်ပေးခဲ့ပြီး စစ်ကောင်စီက ဂျိတ္တောရပ်ကွက် အတွင်းမှာ စစ်ကောင်စီ အင်အား ၄၀၀ ကျော်နဲ့ ခုခံစစ်အတွက် ထပ်ပြင်ဆင်နေတာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
အဲဒီရပ်ကွက်အတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ လူနေအိမ်တွေ နဲ့ ဟိုတယ်တွေကို အဓိကထား ခုခံစစ်အနေအထား နဲ့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း သံတွဲမြို့ စစ်ရေး အခြေအနေကို လေ့လာစောင့်ဲကြည့်နေသူတွေကပြောပါတယ်။
“အဓိကတော့ လူနေအိမ်တွေနဲ့ ဟိုတယ်တွေမှာ လက်နက်ကြီးတွေ တပ်တာတွေ ရှိနေတယ် စစ်ကောင်စီ အင်အား စုစု ပေါင်း ၄၀၀ ကျော်လောက်တော့ ရှိနိုင်တယ် မနေ့က မောင်ရွှေလေးရေတပ်က ပို့တာတွေလည်းရှိတယ်။ပြီးတော့ ဇလွန်ဘုန်းကြီးကျောင်းက တပ်တွေလည်း ဒီဘက်ကို ရွှေ့လာတယ်ဆိုတော့။အကုန်လုံးစုပြီးတော့ ခုခံစစ်ပြင်ဆင်ထားတဲ့ သဘောပေါ့လို့ ” သူကပြောပါတယ်။
အာရက္ခတပ်တော် အေအေ ဟာ သံတွဲမြို့အတွင်းက စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းပြီးတဲ့ နောက်ပိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေ မှာ ပိတ်မိနေတဲ့ ဒေသခံ ၄၀၀ ကျော်ကိုလည်း မနေ့က ကယ်ထုတ်ပေးနိုင်ခဲ့ပြီး ဘေးကင်းလုံခြုံတဲ့ နေရာ တွေကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ အေအေ ရဲက ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကဆိုပါတယ်။
သံတွဲမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ ရဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးမှု ၃ လကျော် ကာလအတွင်းမှာ အာရက္ခတပ်တော် အေအေ က ငပလီမြို့ မဇင်လေဆိပ်အပါအဝင် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခလရ – ၅၅ တပ်ရင်း နဲ့ ခမရ – ၅၆၆ တပ်ရင်းတွေကိုပါ အပြီးသတ်သိမ်းပိုက် ရရှိနိုင်ပြီး ဖြစ်သလို သံတွဲမြို့ကိုပါ ထိန်းချုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။