
မောင်တောမြို့နယ်အတွင်း စစ်ကောင်စီရဲ့တစ်ခုတည်းသော လက်ကျန်စခန်းဖြစ်တဲ့ နခခ( ၅) က စစ်ကောင်စီ တပ်သား အများအပြားဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညကတည်းကပင် အေအေ ရဲ့ထိုးစစ်ကို မခံရပ်နိုင်တာကြောင့် သူတို့ အခြေစိုက်ရာ တပ်စခန်းတွေကို စွန့်ခွါကာ တပ်ဆုတ်ထွက်ပြေးနေတာတွေ ရှိနေတယ်လို့ မောင်တောဒေသခံတွေ ကပြောပါတယ်။
မောင်တောမြို့ရှိ အမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ ၅ မြို့သူကြီး)ကို အာရက္ခတပ်တော်(AA) ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းကတည်းကပင် ထိုးစစ်ကိုအရှိန်အဟုန်မြှင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အေအေ ရဲ့ထိုးစစ်ကို မခံနိုင်တာ ကြောင့် စစ်ကောင်စီတပ်သားတွေဟာ တပ်ဆုတ်ထွက်ပြေးနေကြတာလည်း ဖြစ်ပါတယ်။
"ထိုးစစ်ကို မခံနိုင်လို့ ခွေး(စစ်ကောင်စီတပ်သား)တွေ ထွက်ပြေးနေကြတာ၊ တစ်ရာ၊ နှစ်ရာလောက်ရှိမယ်ပြောတယ်၊ မနက်ကတည်းက ပြေးနေကြတာ"လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီ နခခ (၅) က ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မောင်တောမြို့တွင်းနဲ့ မြစ်ဆိပ်အနီးမှာ ရှိတဲ့ စစ်ရေယာဉ်တွေဆီကို ဦးတည်ဆုတ်ခွါနေကြတာဖြစ်ပြီး အဲဒီတပ်ဆုတ်ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခ တပ်တော် အေအေ ကလိုက်လံ ရှင်းလင်းနေတာကြောင့် သူတို့ထွက်ပြေးရာလမ်းတစ်လျှောက်မှာလည်း တိုက်ပွဲတွေ ဖြစ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း မောင်တောမြို့အနီးဝန်းကျင်းကို လေကြောင်းနဲ့ ရေကြောင်းကနေပါ ပစ်ခတ်၊ ဗုံးကြဲနေတာတွေလည်း ရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်မြစ်တွေက ပြောပါတယ်။
"မနေ့ကတည်းက ဂျက်ဖိုက်တာ သုံးလေးစီးနဲ့ တစ်ပြိုင်တည်း ကြဲနေတာ၊ နေဗီကလည်း ပစ်တယ်"လို့ ဒေသခံသ တင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလိုစစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုဆွေ ဆက်တိုက်လုပ်နေတာကြောင့် မောင်တောမြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာတွေမှ ဒေသခံတွေဟာ ဘေးလွှတ်ရာ တိမ်းရှောင်နေကြရပြီး အချို့ကတော့ တိုက်ပွဲကြားထဲ ပိတ်မိနေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မောင်တောမြို့ထဲ ပိတ်မိနေတဲ့ အရပ် သားပြည်သူတွေကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနေပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အားလုံးကို ကယ်ထုတ်ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသ တွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
AA ဟာ မောင်တောမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ မြို့နီးဝန်းကျင်ရှိ လက်ကျန်စခန်းတွေကို စတင်ထိုး စစ်ဆင်တိုက်ခိုက်နေခဲ့တာ နှစ်လဝန်းကျင်ရှိပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ မောင်တောနဲ့ သံတွဲမြို့နယ်တို့ကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်တစ်ကမ်းသာလိုတော့တယ်လို့ ဒေသတွင်း စစ်ရေး လေ့လာသူတွေက ပြောကြပါတယ်။