၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အနေနဲ့ မိုးကုတ်မြို့နယ်အတွင်းမှာ PSLF/TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးပြုလုပ်နေတဲ့ အချိန်မှာဘဲ မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကိုဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီပြစ်မှု ကျူးလွန်တဲ့သူ ၁၂၉ ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်း/ဝယ်သုံးစွဲသူ (၇၁)ဦးပါဝင်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ကျန်ရှိတဲ့ သူတွေ ကတော့ တရားမဝင်ကျောက်တူးဖော်သူတွေ၊စစ်ဆင်ရေးပြုလုပ်နေတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ သွားလာလှုပ်ရှားမှုအခြေအနေတွေကို စစ်ကောင်စီဆီသို့ သတင်းပေးနေသူတွေ ၊ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေသူတွေ၊ လူသတ်မှုကျုးလွန်သူတွေ ၊တရားမဝင် ချဲရောင်းဝယ်သူတွေ နဲ့ ရပ်ရွာထဲမှာ မူးယစ်ရမ်းကားသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်ကို PSLF/TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)စတင်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ(၂၄)ရက်နေ့မှာ စစ်ကောင်စီတပ်အားလုံးကို အပြီးသတ်ရှင်းလင်းကာ သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေ နဲ့ မူးယစ်ဆေးဝါး ကင်းစင်နယ်မြေဖြစ်စေရေး၊ မိဘပြည်သူလူထုတွေ အေးချမ်းစွာနေထိုင်ရေး၊ မြို့နယ် အတွင်း ခိုးဆိုးလုယက်မှု မရှိစေရေး အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်း ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေ နဲ့ လုပ်ဆောင်နေတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဆိုပါတယ်။