PSLF/TNLAက ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ကို သြဂုတ်လ ၁၂ ရက်နေ့ ညက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့ အတွင် အရပ်သား တစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်မှာ လေကြောင်း ကနေ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တာကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်မှာ ရှိတဲ့ EPC ရုံးအတွင်းကို စစ်ကောင်စီကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံး ၆ လုံး ကျရောက်ပေါက်ကွဲပြီး ရုံးအတွင်းမှာ ရှိတဲ့ ဝန်ထမ်း ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါတွေ အပြင် EPC ရုံးဝန်းအထဲမှာ ရှိတဲ့ ထရန်စဖော်မာ စက်တွေဟာလည်း ထိခိုက်ပျက်စီးတာတွေ ရှိသလို အဲဒီ အနီးဝန်းကျင်မှာ ရှိတဲ့ မြို့မဂိုဏ်ချုပ်ကျောင်း နဲ့ ဒေသခံနေအိမ်အဆောက်အဦး(၅)ဆောင်လည်း ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တြ့ သြဂုတ်လ (၆) ရက်နေ့ကလည်း PSLF/TNLA အုပ်ချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား (၆)ဦး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။
စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ သူတို့ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာတွေ ရှိပြီး အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့ ဆိုင်းခန်း၊နေအိမ်တွေ မီးလောင်ပျက်စီးတာ၊သာသနိက အဆောက်အဦးတွေ နဲ့ သမိုင်းဝင် စေတီဘုရားပုထိုးတွေ ပျက်စီးတာတွေလည်း များစွာရှိနေပါတယ်။

အခုလို စစ်ကောင်စီအနေ နဲ့ သူတို့ လက်လွတ်ဆုံးရှုံးလိုက်ရပြီး တိုက်ပွဲ မရှိတဲ့ အရပ်သားပြည်သူနေထိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအနေ နဲ့ဝင်ရောက်တားမြစ်ပေးကြဖို့ကိုလည်း ညီနောက်မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်တောင်းဆိုထားပါတယ်။
