Home သတင်း စစ်ပွဲအလွန် ရက္ခိုင်နိုင်ငံရေး အဆင့်အတန်းက ဘာဖြစ်လာမလဲ

စစ်ပွဲအလွန် ရက္ခိုင်နိုင်ငံရေး အဆင့်အတန်းက ဘာဖြစ်လာမလဲ

123
0

‘အာရကန်’လို့ လူသိများတဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရက္ခိုင်ဒေသမှာ မြန်မာစစ်တပ်နဲ့ အာရက္ခ တပ်တော်တို့ ကြားက တစ်ကျော့ပြန် တိုက်ပွဲတွေဟာ အခုဆိုရင် အချိန် ၉ လတာ ကာလကို ကျော်လွန်လာခဲ့ပြီ ဖြစ်တယ်။

ဒီလို တိုတောင်းလွန်းတဲ့ အချိန်ကာလ အတောအတွင်းမှာ မြန်မာစစ်တပ်ဟာ နှစ်ပေါင်းများစွာ အခြေကုပ် ယူထားတဲ့ စစ်စခန်းကြီးငယ် ရာပေါင်းများစွာကို အပြီးတိုင် စွန့်လွှတ်ခဲ့ရပြီး၊ ပလက်၀ အပါအဝင် ရက္ခိုင် မြောက်ပိုင်းက ဆယ်နဲ့ချီတဲ့ မြို့တွေကိုလည်း စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။
တစ်ဖက်မှာ အာရက္ခ တပ်တော်အနေနဲ့လည်း ကျန်ရှိနေသေးတဲ့ မြို့နယ်တချို့ကိုသိမ်းပိုက်ရယူနိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တို က်ခိုက်နေပြီး၊ မြန်မာစစ်တပ်ကလည်း အဲဒီမြို့တွေ ကျမသွားဖို့အရေး ကြည်း ၊ ရေ၊ လေ အင်အား အပြည့်သုံးကာ ခုံခံကာကွယ် နေကြရ ပါတယ်။

ဒါပေမယ့် စစ်ကောင်စီ အနေနဲ့ တစ်နိုင်ငံလုံး စစ်မျက်နှာ ဖွင့်တိုက်နေရတာကြောင့် ရှေ့တန်းစစ်မျက်နှာတွေကို စစ်ကူ နဲ့ရိက္ခာတွေ ထိရောက်စွာ မပို့နိုင်တာ၊ စစ်ကောင်စီ တပ်သားတွေ အနေနဲ့လည်း စစ်တိုက်လိုစိတ်ကင်းမဲ့လာတာ စတဲ့အချက်တွေကြောင့် သိပ်မကြာ ခင်မှာပဲ အဲဒီမြို့တွေကိုလည်း လက်လွှတ် ရနိုင်ခြေရှိလာနေပါတယ်။

ဒီလိုသာဆိုရင် မြန်မာစစ်တပ်ရဲ့ နှစ်ပေါင်း ၇၀ ကျော် ထိန်းချုပ်မှုအောက်မှာ ရှိလာနေတဲ့ ရက္ခိုင်ဒေသ ကို တစ်နှစ်တာ အတွင်း လုံးဝလက်လွှတ် လိုက်ရတော့မှာလည်း ဖြစ်ပါတယ်။ ဒီအနေအထားထိဖြစ်လာနိုင်အောင်လည်း အာရက္ခ တပ်တော် အေအေ အနေနဲ့ ထိုးစစ်အရှိန်တွေကို မြှင့်လာနေတာကိုလည်း တွေ့ နေရပါတယ်။

ဒီလို နဲ့ သိပ်မကြာခင် ကာလမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရခိုင်ဒေသဟာ ရက္ခိုင်တွေ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး စနစ်တစ်ခု ဒါမှမဟုတ် နိုင်ငံရေး အဆင့်အတန်း တစ်ခု ပေါ်ပေါက်လာတော့မယ်ဆိုတာ မလွဲမသွယ်မြင်တွေ့ နေရပြီလည်း ဖြစ်ပါတယ်။

“ ဒါပေမယ့် ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီနိုင်ငံရေး အဆင့်အတန်းဟာ ဖက်ဒရယ်ပုံစံ ဖြစ်မှာလား။ ဒါမှမဟုတ် ရက္ခိုင်တွေ လိုချင်နေတဲ့ ကွန်ဖက်ဒရေးရှင်းပုံစံ ဖြစ်မှာလား။ ဒါကို ရှုထောင့်နှစ်ခုကနေ သုံးသပ်ကြည့်ရမှာဖြစ်ပါတယ်။”

ရခိုင့်နိုင်ငံရေး ရှုထောင့်

၁၇၈၄ ခု၊ ‘ရက္ခိုင် – မြန်မာ’ စစ်ပွဲမှာ ရက္ခိုင်တွေ စစ်ရှုံးခဲ့ကြ ပြီးတော့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကိုလည်း ဆုံးရှုံး လိုက်ရပါတယ်။ ဒါပေမယ့် မြန်မာ့အုပ်ချုပ်ရေးစနစ် စတင်ပြီး သိပ်မကြာခင်မှာပဲ ကြီးမားတဲ့ တော်လှန်ပုန်ကန်မှု တစ်ရပ် ပေါ်ပေါက် လာခဲ့ပါတယ်။ အဲဒီတော်လှန် ပုန်ကန်မှုကို ဦးဆောင်ခဲ့သူ ကတော့ ဗိုလ်ချင်းပြန် ဖြစ်တယ်။ ၁၈၀၀ ဝန်းကျင်မှာ ဗိုလ်ချင်းပြန် တပ်တွေ အင်အားချဲ့နဲ့ သွားခဲံပေမယ့် ဗိုလ်ငခွက်ပေါက်၊ ဗိုလ်ကျွဲတစ်ကောင်နိုင် စတဲ့ ရခိုင့်တော်လှန်ရေး ခေါင်းဆောင်တွေ ကလည်း ထပ်မံ ပေါ်ပေါက် လာခဲ့ပါတယ်။ သူတို့တွေရဲ့ တော်လှန် ပုန်ကန်မှုဟာ နှစ်ပေါင်း ၄၀ နီးပါး ကြာမြင့် ခဲ့ရပါတယ်။

ပထမ အင်္ဂလိပ် – မြန်မာစစ်အပြီး၊ ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ရန္တပိုစာချုပ်နဲ့ ရက္ခိုင်ဒေသဟာ အင်္ဂလိပ်တွေ လက်အောက် ကျရောက် သွားခဲ့ရပါတယ်။ ရက္ခိုင်တွေရဲ့ တော်လှန်ရေး ဟာလည်း အင်္ဂလိပ်တွေ ဘက်ကို မြှားဦးလှည့် သွားခဲ့ရပါတယ်။ အင်္ဂလိပ်ကို ဆန့်ကျင် တော်လှန်ခဲ့ သူတွေထဲမှာ အထင်ရှားဆုံး ခေါင်းဆောင် တွေကတော့ မင်းသားကြီး ရွှေဘန်းနဲ့ မြို့သူကြီး အောင်ကျော်ဇံ တို့ပဲဖြစ်ပါတယ်။

၁၉၂၀ ဝန်းကျင် လောက်မှာတော့ ရက္ခိုင်တွေရဲ့ တော်လှန်ရေးဟာ ပုံစံပြောင်းလဲခဲ့ပြီး လက်နက်ကိုင် တိုက်ခိုက်တာမျိုး မဟုတ်ပဲ နိုင်ငံရေးအရ ဆန့်ကျင် ပုန်ကန်မှုတွေ ပေါ်ပေါက် လာခဲ့ပါတယ်။ အင်္ဂလိပ်တွေကို ဦးဆောင် ဆန့်ကျင်ခဲ့သူ ကတော့ ရက္ခိုင်အမျိုးသား ရဟန်းတစ်ပါး ဖြစ်တဲ့ သျှင်ဦးဥတ္တမဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရက္ခိုင်တွေဟာ အင်္ဂလိပ်တွေကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

၁၉၄၂ ခုနှစ်၊ မြန်မာနိုင်ငံကို ဂျပန်တပ်တွေ ဝင်ရောက်လာချိန် ရက္ခိုင်မှာ ဆရာတော် ဦးစိနတာ၊ ဆရာတော် ပညာသီဟတို့က ဦးဆောင်ပြီး ဂျပန်တွေကို တော်လှန်ခဲ့ ကြပါတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာတော့ ဖက်ဆစ်ဂျပန် တော်လှန်ရေး စတင်ချိန်မှာ ရက္ခိုင်တွေဟာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
အဲဒီနောက် ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးတော့ ဖဆပလ အစိုးရ တက်လာခဲ့ပါတယ်။ ဒါပေမယ့် ရက္ခိုင်တွေ လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်းကို မရတော့တဲ့ အတွက် ရက္ခိုင်လက်နက်ကိုင်တွေဟာ ဖဆပလ အစိုးရကို ဆက်ပြီး တော်လှန်ခဲ့ ကြပါတယ်။

ဒီနောက် ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။ အဲဒီ အာဏာသိမ်း ဦးနေဝင်း အစိုးရကိုလည်း ရက္ခိုင်ပြည် ကွန်မြူနစ် ပါတီက ဆက်လက် တော်လှန်ခဲ့ပါတယ်။ ဦးနေဝင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုမှာ ရက္ခိုင်ပြည် ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးကျော်ဇံရွှီဟာ ‘ရက္ခိုင်တွေ လိုချင်တာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရှိတဲ့ သမ္မတနိုင်ငံ ပုံစံမျိုး’ဆိုပြီး ရေဒီယိုကနေ တစ်ဆင့် တစ်နိုင်ငံလုံးကို ကြေငြာခဲ့ပါတယ်။

၁၉၇၀ နောက်ပိုင်းမှာတော့ ရက္ခိုင်မှာ တခြားသော တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ AIO, ALP တို့ ပေါ်ပေါက်လာခဲ့ကြပါတယ်။ ၁၉၉၈ ဝန်းကျင်လောက်မှာ ဗိုလ်ခိုင်ရာဇာ ဦးဆောင်တဲ့ ရခိုင်တပ်မတော်လည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ခောတ်ကာလမတူ၊ အဖွဲ့တွေ ကွဲပြားသည့် တိုင်အောင် အဲဒီ တော်လှန်ရေး အင်အာစုတွေ အားလုံး ကြိုးပမ်းခဲ့ တာကတော့ ရက္ခိုင်တွေ ကိုယ့်ပြည်ကို ထိန်းချုပ် ထားနိုင်ဖို့၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့နဲ့ အတတ်နိုင် ဗမာပြည်မ အစိုးရထိန်းချုပ်မှု အောက်ကနေ လွတ်ကင်းဖို့ဘဲ ဖြစ်ပါတယ်။ ဒါဟာ ရက္ခိုင်တွေ လိုချင်ခဲ့တဲ့ နိုင်ငံရေးအဆင့် အတန်းလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ အခုအာရက္ခတပ်တော် ပေါ်ပေါက်လာခဲ့ပါတယ်။အခုအာရက္ခတပ်တော် စတင်ချိန်မှာ လူ ၂၆ ယောက်၊ သေနတ် တစ်လက်နဲ့ ကချင် မဟာမိတ် နယ်မြေမှာ စတင်ခဲ့တာ ဖြစ်ပြီး အာရက္ခတပ်တော်ဟာ ၂၀၁၅ နောက်ပိုင်းမှာ ရက္ခိုင် မြောက်ပိုင်း ကို ထိုးဖောက်ဝင် ရောက်ခဲ့တယ်။
အဲဒီနောက်ပိုင်း မြန်မာစစ်တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေ အများကြီး ဖြစ်ပွားခဲ့တာတွေလည်း ရှိခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် ရောက်တဲ့ အခါမှာတော့ တိုက်ပွဲတွေပိုပြင်းထန်လာပြီး မြန်မာစစ်တပ်ဟာ ကြေး၊ ရေ၊ လေ အင်အား အပြည့်သုံးကာ အာရက္ခ တပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပါတယ်။

ဒါပေမယ့် အဲဒီကြားထဲကပဲ အာရက္ခတပ်တော်ဟာ ရက္ခိုင်မြောက်ပိုင်းက ကျေးလက်ဒေသတွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ထိ စစ်ရေးအောင်မြင်မှုတွေ ရရှိလာခဲ့ သလို တစ်ဖက်မှာလည်း ရခိုင်တောင်ပိုင်း ဒေသတွေထိ အာရက္ခတပ်တော်ဟာ စိမ့်ဝင်လှုပ်ရှားလာ နိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁၃ ရက်နေ့မှာ ‘၁၀၂၇ စစ်ဆင်ရေး’နဲ့ အတူ ရက္ခိုင်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီး နောက် အချိန်တိုလေး အတွင်းမှာ အာရက္ခတပ်တော်ဟာ မြို့တွေ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်း အာရက္ခတပ်တော်ဟာ ရက္ခိုင်မြောက်ပိုင်းကို ထိုးဖောက် ဝင်ရောက်ခြင်းနဲ့အတူ ပြည်သူတွေ အတွက် သတင်း စကား တစ်ခုကို ယူဆောင် လာခဲ့ပါတယ်။ အဲဒါက ‘ရက္ခိတလမ်းစဉ်’ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ” ရက္ခိတလမ်းစဉ်ကို အကြမ်းဖျင်း အဓိပ္ပါယ် ဖွင့်ရမယ် ဆိုရင် ရက္ခိုင်ဒေသကို ရက္ခိုင်တွေ ထိန်းချုပ် ထားရေး နဲ့ ရက္ခိုင်ပြည်ကို ရက္ခိုင်တွေကသာ စီမံအုပ်ချုပ်ရေးလို့ပဲ ပြောရပါလိမ့်မယ်။ တနည်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီးခွင့်လို့လည်းပြောနိုင်ပါတယ်။

၂၀၁၉ တုန်းက အင်တာဗျူး တစ်ခုမှာ အာရက္ခ တပ်တော်ရဲ့ တပ်မှူးချုပ်က “ကျနော်တို့မှာ ဝ,ထက် မညံ့တဲ့ မျှော်မှန်းချက် ရှိတယ်”ဆိုပြီး ထုတ်ဖော်ပြောဆို ခဲ့တာ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အာရက္ခ တပ်တော်ရဲ့ နိုင်ငံရေး ရည်မှန်း ချက်ဟာ ကွန်ဖက်ဒရေးရှင်းပါဆိုပြီး လည်း တရားဝင် ထုတ်ဖော် ပြောလာခဲ့ပါတယ်။

ဒါကြောင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းတစ်ခုလုံး နဲ့ ရခိုင်တော်လှန်ရေးသမိုင်း တစ်ခုလုံးကို ခြုံငြုံပြီးနားလည် ရမယ်ဆိုရင် ရက္ခိုင် တွေဟာ ကိုယ့်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်၊ စစ်ရေးအရဆိုရင် လည်း ရက္ခိုင်တစ်ပြည်လုံးကို ရက္ခိုင်လက်နက်ကိုင် တွေကသာ အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့် ရရှိရေးလို့ ယူဆရပါမယ်။ ဒီလို နိုင်ငံရေး အဆင့်အတန်းမျိုး ရရှိမှာသာ ရက္ခိုင်တွေအနေနဲ့ ကျေနပ်နိုင်မှာဖြစ်ပြီး၊ အဲဒီနိုင်ငံရေး အဆင့်အတန်းကို မရသရွေ့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြမယ်လို့ ယူဆနိုင်ပါတယ်။

ပြည်မနိုင်ငံရေး ရှုထောင့်

မြန်မာ့နိုင်ငံရေး ပြဿနာကို အကြမ်းအားဖြင့် အကြောင်းအရာနှစ်ခုနဲ့ ခွဲခြားနားလည်လို့ရတယ်။ အဲဒါ စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည် တည်ဆောက်ရေးပဲဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ မြန်မာ့နိုင်ငံရေးမှာ နှစ်ပေါင်းများစွာ အခိုင်အမာနေရာယူထား ပြီး တိုင်းပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကြိုးကိုင်ချယ်လှယ်တာတွေ၊ ကိုယ်ကျိုး အတွက် အသုံးချတာတွေ၊ တစ်ဖက်မှာ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ် တာတွေ၊ ဖမ်းဆီးသတ်ဖြတ် တာတွေနဲ့ ရွာတွေကို မီးရှို့ဖျက်ဆီး တာတွေ တောက်လျှောက် လုပ်လာဆောင်ခဲ့တယ်၊၊

အခုထိလည်း နိုင်ငံနဲ့တဝှမ်းမှာ အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတုန်းပါပဲ။ ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို အပြင်းအထန် ကြိုးပမ်းနေကြတာဖြစ်ပြီး၊ ဒါတွေ ပြီးသွားရင်တော့ တိုင်းပြည် တည်ဆောက်ရေး ဘက်ကို မဖြစ်မနေ ခြေဦးလှည့်ရမှာ ဖြစ် တယ်။ ဒါပေမယ့် သိပ်တော့ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။

တိုင်းပြည် တည်ဆောက်ရေးဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာလာတဲ့ ပြဿနာဖြစ်ပါတယ်။ အဓိကအားဖြင့် တောင်တန်းနဲ့ ပြည်မကြားက အာဏာခွဲဝေမှုတွေကို မလုပ်နိုင်တာ၊ တိုင်းရင်းသားတွေ အနေနဲ့ ကိုယ်ပိုင် ပြဌာန်း အုပ်ချုပ်ပိုင်ခွင့် မရှိတာနဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်ခွင့် မရှိတာရယ် စတဲ့အကြောင်း အရင်းတွေကြောင့် ဖြစ်တယ်။

တစ်ဖက်မှာလည်း ဗမာခေါင်းဆောင်တွေ အနေနဲ့ တိုင်းပြည်ရဲ့ အာဏာကို လက်ဝါးကြီး အုပ်ဖို့ကြိုးပမ်းတာ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သတ်ပြီး မူဝါဒတိတိကျကျ မရှိတာ တွေကလည်း ဒီပြဿနာကို ရှည်ကြာ စေခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင်ရလည်း ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ နည်းလမ်း မမြင်ပါဘူး၊၊

တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မဖြစ်သရွေ့ ဆက်တိုက်နေကြမှာ လည်းဖြစ်ပါတယ်။ ဒီလိုဆိုရင် တိုင်းပြည်ရဲ့အရွေ့ဟာ ဘယ်မှ မရောက်နိုင်တော့ပါဘူး၊၊ အခုနောက်ပိုင်းမှာတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဗမာခေါင်းဆောင်တွေ တက်ကြွစွာ ပါဝင်လာတာတွေကိုတော့ တွေ့နေရပါတယ်။

ဒါပေမယ့် ဖက်ဒရယ်ဟာ ရက္ခိုင်တွေ လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်းနဲ့ သိပ်ပြီး အံဝင်ဂွင်ကျ မရှိလှဘူး။ ရက္ခိုင်တွေ လိုချင်တာ ဗဟိုချုပ်ကိုင်မှု အနည်းဆုံးဖြစ်တဲ့ တနည်း ကိုယ်ပိုင် ပြဌာန်း အုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ ရှိတဲ့ ကွန်ဖက်ဒရေးရှင်း ကို လိုချင်နေတာပဲ ဖြစ်ပါတယ်။

ဒါကို ဗမာခေါင်းဆောင်တွေ အနေနဲ့ အသိအမှတ်ပြု လက်ခံဖို့ ကလည်းမလွယ် လောက်ပါဘူး။ အသိအမှတ်ပြု လက်ခံဖို့ အတွက်လည်း သူတို့မှာ မူဝါဒ၊ သဘောထားတွေလည်း မရှိနိုင်သေးပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဖက်ဒရယ် ကိုတောင် ခဲရာခဲဆစ် တည်ဆောက် ရဦးမယ့် အနေအထားမှာ ကွန်ဖက်ဒရေးရှင်းကို အသိအမှတ် ပြု လက်ခံဖို့ဆိုတာကတော့ ဗမာခေါင်းဆောင်တွေ အနေနဲ့ စိတ်တောင်ကူး မိမှာ လည်း မဟုတ်သေးပါဘူး။

ဒါကြောင့်လည်း ၁၅ နှစ်မြောက် အာရက္ခ တပ်တော်နေ့ အတွက် ပို့ပေးတဲ့ NUG – MOD ရဲ့ သဝဏ်လွှာမှာ ရက္ခိတ လမ်းစဉ် အကြောင်းကို တစ်စွန်း တစမျှ ဖော်ပြမထားပဲ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက်သာ တိုက်တွန်း ထားတာ တွေ့ရ ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း အာရက္ခတပ်တော် အနေနဲ့ ရက္ခိုင်တွေ လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်းကိုရဖို့ ဘယ်သူ့ဆီကမှ လက်ဖြန့်တောင်းနေမှာ မဟုတ်ပဲ၊ လိုအပ်ရင် တိုက်ယူမယ်ဆိုပြီး အတိအလင်း ပြောထားပြီးလည်းဖြစ်ပါတယ်။

ဒါကြောင့် ပြည်မက ခေါင်းဆောင်တွေနဲ့ ရက္ခိုင်ခေါင်းဆောင်တွေ ကြားထဲမှာ နိုင်ငံရေးသဘောထား မတိုက်ဆိုင် တာတွေ၊ တိုင်းပြည်တ ည်ဆောက်ရေးနဲ့ ပတ်သတ်ပြီး မူဝါဒ သဘောထား ကွဲလွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ရက္ခိုင်တွေ အနေနဲ့ ဖက်ဒရယ်စနစ်ကို လက်ခံဖို့ ခဲယဉ်းမှာဖြစ်ပြီး၊ ပြည်မက ခေါင်းဆောင်တွေ အနေနဲ့ ကွန်ဖက်ဒရေးရှင်း စနစ်ကို တရားဝင် အသိမှတ်ပြုဖို့ ခဲယဉ်းကြပါလိမ့်မယ်။

အဲဒီလို အနေအထားမှာ ရက္ခိုင်ခေါင်းဆောင်တွေ အနေနဲ့က ဗဟိုအစိုးရက အသိအမှတ်ပြုတာ ဖြစ်စေ၊ မပြုတာ ဖြစ်စေ ရက္ခိုင်ဒေသ တစ်ခုလုံးကို ထိန်းချုပ်ပြီး၊ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင်တရားစီရင်ရေး၊ ကိုယ်ပိုင် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဒေသကို လည်ပတ်နိုင်အောင် ကြိုးပမ်းလာမှာလည်း ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ရခိုင်ဒေသဟာ ဖက်ဒရယ် လည်း မဟုတ်၊ ကွန်ဖက်ဒရေးရှင်း အဖြစ်လည်း အသိမှတ်ပြုမထားတဲ့ သီးခြားလွတ်လပ်တဲ့ De Facto State တစ်ခု အနေနဲ့သာ ရပ်တည်လာမှာ ဖြစ်ပါတယ်။

ခိုင်စစ်သွီးရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here