
ရခိုင်ပြည်၊ဂွမြို့နယ် ရတနာမြိုင်ကျေးရွာ အတွင်းက အရပ်သားပြည်သူ ၁၀၀ ကျော်ကို ဒီနေ့ ညနေ ၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေကနေအိမ်အတွင်းကို ဝင်ရောက်ကာ ဖမ်းဆီးသွားတာတွေ ရှိတယ်လို့ ရတနာမြိုင်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ အဲဒီဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်တွေက ရတနာမြိုင်ကျေးရွာ အတွင်းမှာ ရှိတဲ့ဆေးခန်းထဲမှာ ကြိုးတွေနဲ့ချဉ်နှောင်ကာ ပိတ်လှောင်ထားတယ်လို့ အဲဒီကျေးရွာ ဒေသခံ တစ်ဦးက အတည်ပြုပြောပါတယ်။
“အမျိုးသား/အမျိုးသမီး စုစုပေါင်း ၁၀၀ကျော်လောက်ကို စစ်ကောင်စီက နေအိမ်တွေမှာ ဝင်ဖမ်းတာပါ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိဘူး။လမ်းမှာ သွားနေတဲ့ သူတွေကိုလည်း ဖမ်းတာဖြစ်တယ်။အခုတော့ ဆေးခန်းထဲမှာ ဖမ်းထားတဲ့ သူတွေကို ပိတ်လှောင်ထားတယ်လို့ ” သူကပြောပါတယ်။
အဲဒီကျေးရွာ အတွင်းမှာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်လာတာဟာ တစ်လကျော်ကြာ ကြာမြင့်လာပြီးနောက် ဒီနေ့မှာ အရပ်သားပြည်သူတွေကို အကြောင်းပြချက် မရှိပဲ တမင်သက်သက် ဝင်ရောက် ဖမ်းဆီးတာတွေ ကို ခံနေရတာ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက အဲဒီလို့ အကြောင်းပြချက်မရှိပဲ ပြည်သူတွေကို ဖမ်းဆီးနေတာကြောင့် ပြည်သူ တွေအနေ နဲ့ စိုးရိမ်ထိန့်လန့် နေကြရတယ်လို့လည်း ဆိုပါတယ်။
“ထွက်လို့ လည်းမရဘူး ရွာထဲက အကုန်စစ်ကောင်စီတပ်တွေကပိတ်ထားတယ်။ဘာကြောင့်ဖမ်းတာလဲ ဆိုတော့ စစ်တပ်သတင်းပေးတွေက တိုင်လို့ ဖမ်းတာလို့တော့ပြောနေကြတယ်။ဘာကိုတိုင်တာလည်း ဆိုတာကိုတော့ ကျနော်မသိဘူး။အကုန်လုံးကတော့ ကြောက်နေကြရတယ်အခုက လို့”သူကပြောပါတယ်။
အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေဟာ ဂွမြို့နယ် အတွင်းက ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ ကတည်းကပင်နှစ်ဖက်တိုက် ပွဲတွေ ဖြစ်ပွါးခဲ့ပြီးနောက် သြဂုတ်လ ၁၃ ရက်နေ့မှာ ကျိန္တလီမြို့တွင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အေအေ ရဲ့ထိုးစစ်ကို မခံရပ်နိုင်တာကြောင့် စခန်းကို စွန်ခွါထွက်ပြေးသွားခဲ့ကြရပါတယ်။