
ရခိုင်ပြည်၊ဂွမြို့နယ်၊ရတနာမြိုင်ကျေးရွာအတွင်းက အရပ်သားပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီတပ်တွေက မနေ့က ရွာထဲဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ကျေးရွာ အတွင်းက ဆေးပေးခန်းထဲမှာ တစ်ညတာပိတ်လှောင်ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီနောက် ဒီနေ့ မနက်ပိုင်းမှာ အဲဒီဒေသခံတွေကို စစ်ကောင်စီတပ်တွေက ပြန်လွတ်ပေးခဲ့ပြီး အဲဒီစစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ ဒေသခံအများစုရဲ့ နေအိမ်တွင်းကပစ္စည်းတွေဟာလည်းဖောက်ထွင်းခိုးယူတာကို ခံလိုက်ရတယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“နေအိမ်တွေအကုန်လုံးဖောက်ထွင်းခံလိုက်ရတယ် ကျနော်တို့ဖမ်းဆီးခံထားရတဲ့ သူတွေကတော့ ဒီနေ့မနက်ပိုင်းမှာ ပြန်လွတ်လာတယ်။ရွာမှာက စစ်တပ်နဲ့ ဒေသခံတွေပဲ ရှိတယ်။ဒေသခံ အများစုကလည်း အဖမ်းခံထားရတယ်ဆိုတော့ ဘယ်သူတွေယူတာလည်း ဆိုတာ ကျနော်တို့ပြောစရာမလိုဘူး။ပြီးတော့ အခုက အဝင်အထွက်လည်း အကုန်ပိတ်ပြီး ဖောက်ထွင်းခံရတာဖြစ်တယ်”လို့ သူကပြောပါတယ်။
အဲဒီဖောက်ထွင်းခံလိုက်ရတဲ့ နေအိမ်အများစုယူခံလိုက်ရတဲ့ပစ္စည်တွေမှာ ရွှေ၊ငွေ နဲ့ စားနပ်ရိက္ခတွေကိုလည်း ယူဆောင်တာ ခံလိုက်ရပြီး နေအိမ်အတွင်း ပစ္စည်းတွေကိုလည်း ဖျက်ဆီးထားခဲ့တာတွေ ရှိတယ်လို့ နောက်ထပ် ကျေးရွာဒေသခံ တစ်ဦးကပြောပါတယ်။
“ကျနော်တို့ အိမ်က ဆန်တွေ၊ဆီတွေ၊ဆားတွေ အကုန်ယူသွားသလို သေတ္တာထဲက ငွေသိန်း ၁၀ လောက်ကိုလည်းယူသွားတယ်။ကျနော်ထင်တာ မနေ့က ဖမ်းတာက ကျနော်တို့ကို အကွက်ကျကျ စီစဉ်ပြီး မပြစ်မရှိပဲ ဖမ်းတာ။ဘာမှ ထူးထူးခြားခြားစစ်ဆေးတာလည်းမရှိ။ဒါပေမယ့် သူတို့က မေးတယ် တိုက်ပွဲ ဖြစ်နေတာ ရွာထဲက ဘာလို့ ထွက်မသွားကြတာလဲတဲ့။တစ်ညအဖမ်းခံရတာတောင် ဒီလောက်ပျောက်သွားတာ။အိမ်ကိုထားပြီး ထွက်သွားရင် ဘာမှတောင် ကျန်မှာမဟုတ်ဘူးလို့”သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ ၉လကျော်ကြာ ကြာမြင့်လာချိန်မှာ စစ်ကောင်စီရဲ့ ရိက္ခာ၊လက်နက်၊လူအင်အား ပို့ဆောင်ရေး လမ်းကြောင်းတွေကို အာရက္ခတပ်တော် အေအေက ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်သားတွေဟာ အစားအသောက်ပြတ်လပ်ကာ ဒေသခံပြည်သူ တွေရဲ့နေအိမ်တွေက စားသောက်ဖွယ်ရာ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတွေကို အဆက်မပြတ်ကျူးလွန်နေတာတွေလည်း ရှိတယ်လို့ ရခိုင်ပြည်သူတွေကပြောဆိုကြပါတယ်။