Home သတင်း ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှာ စစ်ကောင်စီတပ်က အိမ်းမွေးတိရိစ္ဆာန်တွေ အပါအဝင် အိမ်တွေကိုဖောက်ထွင်းခိုးယူတာတွေ နေ့စဉ်လုပ်နေ

ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှာ စစ်ကောင်စီတပ်က အိမ်းမွေးတိရိစ္ဆာန်တွေ အပါအဝင် အိမ်တွေကိုဖောက်ထွင်းခိုးယူတာတွေ နေ့စဉ်လုပ်နေ

132
0
ပုံ။သံတွဲမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ တစ်ရွာအား စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့ပြီး နောက် နေအိမ်တွင်းက ပစ္စည်းတွေဖောက်ထွင်းခိုးယူသွားမှုမြင်ကွင်း။ပုံဟောင်း။

စစ်ကောင်စီတပ်တွေဟာ ဂွမြို့နယ်အတွင်က ကုလားပြင်(ရတနာမြိုင်)ကျေးရွာအတွင်းက အိမ်မွေးတိရိစ္ဆာန်တွေ အပါအဝင် နေအိမ်အတွင်းက ပစ္စည်းတွေကို နေ့စဉ်ဖောက်ထွင်းခိုးယူတာတွေကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဟာ အေအေ ရဲ့ထိုးစစ်ကို ခုခံဖို့ အတွက် စစ်အင်အား အများအပြား နဲ့ စခန်းချကာ အဲဒီကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတာဖြစ်ပြီး ဒေသခံတွေ ရဲ့နေအိမ်တွေ နဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုပါ အခုလိုနေ့ စဉ်ရက်ဆက် ခိုးယူစားသောက်နေကြတာဖြစ်တယ်လို့ စစ်ကောင်စီတပ်တွေရဲ့ ခိုးယူမှုတွေကို မျက်မြင်တွေ့မြင်နေရသူတစ်ဦးကပြောပါတယ်။

“စစ်ကောင်စီတပ်တွေက အခုကြက်တွေဝက်တွေပါ ခိုးပြီးချက်ပြုတ်စားသောက်နေကြတယ်။ရွာထဲမှာ ကြက်တွေလည်း တစ်ကောင်မှမရှိတော့ဘူး။ကြက်တွန်မှ မိုးလင်းမယ်ဆိုရင် ကျမတို့ ရွာက တွန်စရာကြက်တွေလည်း မရှိတော့ဘူး။နေအိမ်ထဲက ပစ္စည်းတွေ ဆိုရက်လည်း သောက်ရေခွက်က အစမကျန် ယူကြတယ်။တော်တော်ဆိုးတိုးရွားရွားဖြစ်တယ်နေလို့ ” သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်အေအေ တို့ ဟာ လက်ရှိမှာ ကျောက်ပါးစပ်ကျေးရွာ အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတာတွေ ရှိနေပြီး စစ်ကောင်စီက ကြည်း၊ရေ၊လေ နဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်းက ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေ နဲ့ သေဆုံးသူတွေကို ကုလားပြင်(ရတနာမြိုင်)ကျေးရွာအတွင်းကို သယ်ယူကာ ဆေးကုသပေးနေတာ၊ကုလားပြင်(ရတနာမြိုင်) သုသန်အတွင်းမှာ မြေမြုပ်တာတွေကိုလည်း လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ နောက်ထပ်ဒေသခံ တစ်ဦးကပြောပါတယ်။

“ဒဏ်ရာရ စစ်သားတွေကို ကားနဲ့သယ်လာပြီး ရွာမှာဆေးကုပေးနေတာတွေလည်းရှိတယ်။ပြီးတော့ သုသန်မှာဆိုလည်းမြေမြုပ်တာတွေလည်း ရှိတယ်။ခိုးတာကတော့ ကမ်းကုန်အောင်ခိုးတယ်။ဟိုနေ့ကဆိုလည်း ကျနော်တို့ အိမ်က စက်ဘီးကိုလာယူသွားတာ မသိရင် သူတို့အိမ်ကဟာယူသလို အေးအေး ဆေးဆေး နဲ့ စကားတွေပြောပြီးယူသွားကြတယ်။ပြီးတော့ သူတို့ အချင်းချင်းပြောနေသေးတယ်။တစ်ရွာလုံးဘာမှမကျန်အောင်ယူရမယ်။အေအေတွေ ဝင်လာရင် ရေသောက်ဖို့ ခွက်တောင်မရှိအောင် ရွာထဲကဟာတွေကို သိမ်းယူရမယ်ဆိုပြီးပြောနေတာလည်းကြားရတယ်လို့”သူကပြောပါတယ်။

ကျိန္တလီမြို့တွင်းက စစ်ကောင်စီတပ်တွေဟာ အေအေ ရဲ့ထိုးစစ်ကို မခုခံနိုင်တဲ့ အတွက် တပ်ဆုတ်ထွက်ခွါလာရပြီးနောက် ကျိန္တလီ နဲ့ ဂွလမ်းတစ်လျှောက်က ကျေးရွာဖြစ်တဲ့ ကျောက်ဂူ ၊ ကျောက်ပါးစပ် ၊ ဆားချက် ၊ကိုင်းခုံ ၊ ကုလားပြင် စတဲ့ ကျေးရွာတွေမှာ ခံစစ်အနေအထား နဲ့ လုပ်ဆောင်ကာ အာရက္ခတပ်တော် အေအေကို ခုခံတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here