Home သတင်း ဟိုင်းကြီးမှာ စားဝတ်နေရေးအတွက် အလုပ်သွားရောက်လုပ်ကိုင်တဲ့ သံတွဲဒေသခံ နှစ်ဦး စစ်ကောင်စီကဖမ်းဆီးထား

ဟိုင်းကြီးမှာ စားဝတ်နေရေးအတွက် အလုပ်သွားရောက်လုပ်ကိုင်တဲ့ သံတွဲဒေသခံ နှစ်ဦး စစ်ကောင်စီကဖမ်းဆီးထား

80
0
စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံရတဲ့ သံတွဲဒေသခံ နှစ်ဦးတွေ့ရစဉ်။CNA

စားဝတ်နေရေး အခြေအေနကြောင့် ဟိုင်းကြီးမြို့နယ် အတွင်းမှာ အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့ သံတွဲမြို့နယ်အတွင်းက ဒေသခံ နှစ်ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့မှာ သူတို့နေထိုင်တဲ့ ဟိုင်းကြီးမြို့နယ်အတွင်းက နေအိမ်အတွင်းမှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဖမ်းဆီးခံရသူ မိသားစုဝင်ဆီကသိရပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ သံတွဲ မြို့နယ် ဂျိတ္တောရပ်ကွက် က အသက် (၄၄)နှစ်အရွယ် ကိုရန်လင်းအောင် နဲ့ အသက် (၃၂)နှစ်အရွယ် ကိုအောင်ဝင်းရွှေတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။

အဲဒီဒေသခံတွေဟာ သံတွဲမြို့နယ်အတွင်းကနေ ရန်ကုန်ကို စစ်ဘေးရှောင်ဖို့ရောက်ရှိနေကြသူတွေ ဖြစ်ကြပြီး ရန်ကုန်မှာ စားဝတ်နေရေး အဆင်မပြေတာကြောင့် ဟိုင်းကြီးမှာ စားဝတ်နေရေးအတွက် ငါးလုပ်ငန်းလုပ်ကိုင်ဖို့ သွားရာကနေ သြဂုတ်လ ၂၃ ရက်နေ့ ည ၈နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်တွေက သူတို့နေထိုင်ရာဟိုင်းကြီးမြို့က နေအိမ်အတွင်းကို ရောက်ရှိလာပြီး အခုလိုဖမ်းဆီးသွားတာဖြစ်တယ်လို့ အဲဒီဖမ်းဆီးခံရတဲ့ မိသားစုဝင်တစ်ဦး ကပြောပါတယ်။

“ကျမတို့တွေကတော့ ရန်ကုန်မှာကျန်ခဲ့တယ်။သူတို့က ငါးလုပ်ငန်းလုပ်ဖို့ဟိုင်းကြီးကိုသွားတယ်။ဟိုင်းကြီးမှာ နေဖို့အိမ်ငှားပြီးနေကြတာ။အဲဒီ ပြီးခဲ့တဲ့ ည ၈ နာရီလောက်မှာ နေအိမ်မှာ စစ်ကောင်စီတပ်တွေကလာပြီးဖမ်းသွားတယ်လို့ သိရတယ်။.ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိဘူး။သူတို့ နဲ့လည်း အဆက်အသွယ်မရဘူး။သူတို့ ကိုအဖမ်းခံရတယ်ဆိုတာကို သိရတာကလည်း သူတို့ငှားနေတဲ့ အိမ်ပိုင်ရှင်ကပြောလို့ သိရတာ ဖြစ်တယ်လို့”သူကပြောပါတယ်။

လက်ရှိသိရှိထားရသလောက် သူတို့ နှစ်ဦးကို ဖမ်းဆီးသွားတဲ့ သူတွေဟာဟိုင်းကြီးမြို့ရဲ့ရေတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ သိရှိထားရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးသွားတဲ့ သူနှစ်ဦးကို အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေ အနေနဲ့စိုးရိမ်ပူပန်မှုတွေရှိနေသလို ရန်ကုန် နဲ့ဟိုင်းကြီး လိုက်သွားဖို့ အခက်အခဲတွေ ရှိနေတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့လည်း နောက်ထပ် ဖမ်းဆီးခံထားရသူ မိသားစုဝင်တစ်ဦးကပြောပါတယ်။

“ကျမတို့က ရန်ကုန်မှာ သူတို့က ဟိုင်းကြီးမှာ အဖမ်းခံထားရတော့ လိုက်သွားဖို့ အတွက်ကလည်းခက်ခဲတယ် ကလေးတွေနဲ့ကလည်း တစ်ဖက်။သူတို့ နဲ့လည်း အဆက်အသွယ်မရ ဟိုမှာလည်း သူတို့ကို လိုက်ပြီးကူညီပေးမယ်သူကမရှိ နဲ့ တော်တော် ခက်ခဲနေတယ်။စိုးရိမ်တာကတော့ ပြောမနေနဲ့တော့။ကျမတို့ကလည်း ဘာမှ မလုပ်ပေးတတ်ဘူး။ ကူညီပေးလို့ ရတဲ့ သူတွေ ကူညီပေးကြပါလို့ အကူအညီတောင်းပါတယ်လို့”သူကပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်မှာ အာရက္ခတပ်တော် အေအေကို စစ်ရှုံးလာတာနဲ့အတူ ရန်ကုန်မြို့အပါအဝင် နေရာဒေသ အသီးသီးမှာ စစ်ဘေးရှောင်ဖို့ ရောက်လာကြတဲ့ ရခိုင်ပြည်သူတွေကို အကြောင်းမဲ့သက်သက်ဖမ်းဆီးကာ မိသားစု နဲ့ အဆက်အသွယ်ဖြတ်တောက်ထားတာတွေကို လုပ်ဆောင်တာတွေ များစွာ ရှိနေပါတယ်။

တစ်ဖက်မှာလည်း စစ်ရှောင်ထွက်လာပြီး ရခိုင်ကို ပြန်မယ့်သူတွေကို စစ်ကောင်စီက ပြန်ခွင့်မပေးတော့ဘဲ ပိတ်ဆို့ထားတာ ဖမ်းဆီးတာ စတာတွေကိုလည်း လုပ်ဆောင်နေတာတွေ များစွာရှိနေပြီး ပြည်မကိုရောက်ရှိနေတဲ့ ပြည်သူတွေဟာ ရခိုင်ကို ပြန်ဝင်နိုင်ဖို့ အခက်အခဲများစွာ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြည်မကို စစ်ရှောင်ဖို့ ရောက်ရှိနေကြတဲ့ ရခိုင်ဒေသခံတွေဆီက သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here