ဂွမြို့နယ်ထဲက ရတနာမြိုင်ကျေးရွာ(ကုလားပြင်) နဲ့ တစ်ဖက်တစ်ကမ်းမှာရှိတဲ့ ကိုင်ခုံကျေးရွာအနီးမှာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားနေတာတွေ ရှိနေတယ် လို့ ဒေသ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကတည်းကပင် ဂွမြို့နယ်အတွင်း မှာရှိတဲ့ ကျိန္တလီမြို့မှာ နှစ်ဖက်တိုက် ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် အာရက္ခတပ်တော်အေအေက ကျိန္တလီမြို့ကို သြဂုတ်လ ၁၃ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသ သတင်းအရ င်းမြစ်တွေကအတည်ပြုပြောဆိုထားပါတယ်။
အဲဒီနောက် ကျိန္တလီမြို့နယ်အတွင်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော် အေအေက လိုက်လံရှင်းလင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး ဒီနေ့မှာတော့ အေအေ ရဲ့ထိုးစစ်ဟာ ဂွမြို့နယ် အတွင်းက ရတနာမြိုင်(ကုလားပြင်)ကျေးရွာ နဲ့ တစ်ဖက်တစ်ကမ်းမှာ ရှိတဲ့ ကိုင်ခုံရွာအထိ ထိုးဖောက်ဝင်ရောက်လာတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေတာဖြစ်တယ်လို့ ခိုင်လုံတဲ့ ဒေသ သတင်းအရင်းမြစ်က အတည်ပြုပြောပါတယ်။
"ဒီနေ့ ကိုင်ခုံရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်။ညနေ ၆ နာရီလောက်မှာတော့ ပစ်ခတ်သံနည်းနည်း ငြိမ်သွားတယ်။လက်နက်ကြီးသံတွေ၊စက်သေနတ်သံတွေ ၊လေယာဥ်သံတွေဆူညံနေတယ်လို့"ရတနာမြိုင်(ကုလားပြင်)ကျေးရွာဒေသ သတင်းအရင်းအမြစ်ကပြောပါတယ်။
အဲဒါတွေအပြင် ရတနာမြိုင်(ကုလားပြင်)ကျေးရွာ ရဲစခန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကလည်း ကိုင်ခုံကျေးရွာအနီးကတိုက်ပွဲကို လက်နက်ကြီးတွေ နဲ့ ပစ်ကူပေးတာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
အဲဒါတွေအပြင် ရတနာမြိုင်( ကုလားပြင်) ကျေးရွာအတွင်းမှာ ရှိနေကြတဲ့ စစ်ကောင်စီတပ်တွေဟာလည်း ကုလားပြင်ရဲစခန်းအနောက်ဘက်က ကြံခင်းတောင် နဲ့ အစပ်နေရာတွေမှာလည်း အေအေရဲ့ထိုးစစ်ကို ခုခံဖို့အတွက် နေရာယူပြင်ဆင်တာတွေကိုလည်း လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့နောက်ထပ် စစ်ရေးအခြေအနေကိုစောင့်ကြည့်နေသူတစ်ဦးကပြောပါတယ်။
"ကုလားပြင်ရဲစခန်းနောက်က ကြံခင်းတောင် နဲ့ အစပ်မှာလည်း စစ်ကောင်စီက နေရာယူပြင်ဆင်နေတာရှိတယ်။စစ်ကောင်စီကတော့ မနက်ပိုင်းကတည်း ကပင် လေကြောင်းပစ်ကူပေးနေတယ်။ကုလားပြင်ရဲစခန်းကလည်း ပစ်ကူပေးနေတယ်။အေအေကလည်း ကုလားပြင်ရဲစခန်းကို ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ သိရတယ်လို့ "သူကပြောပါတယ်။
ဒါ့အပြင် အေအေရဲ့ထိုးစစ်ကို ခုခံဖို့အတွက် ကုလားပြင်(ရတနာမြိုင်)၊ဘဲအင်း၊ဒယ်ပုတ်၊သဗြုချောင်း စတဲ့ကျေးရွာတွေမှာလည်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာ လက်နက်ကြီးတပ်ဆင်တာ စတာတွေကိုဆက်တိုက် လုပ်ဆောင်နေတာတွေရှိနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေ ရဲ့ ပြောဆိုချက်အရ သိရပါတယ်။