မြန်မာ စစ်အုပ်စု အနေ နဲ့ ကလေးငယ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေကို အကြမ်းဖက်တိုက်ခိုက်ရာမှာ အားကိုး အားထားပြုနေတဲ့ ပြင်သစ်နိုင်ငံထုတ် ART လေယာဉ်တွေ ဆက်လက် ပျံသန်းမှုမလုပ်နိုင်အောင် အရေးတ ကြီး ပိတ်ပင်ပေးကြဖို့ လိုအပ်နေတယ်လို့ Justice For Myanmar အဖွဲ့သ တောင်းဆိုလိုက်ပါတယ်။
၂၀၁၃ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ဆယ်စီးကို မြန်မာစစ်အုပ်စုက ဝယ်ယူအသုံးပြုနိုင်ဖို့ ကူညီပေးခဲ့ကြတဲ့ ကမ္ဘာတဝန်းက ကုမ္ပဏီတွေပါဝင်တဲ့ ကွန်ရက်တစ်ခုကိုလည်း Justice For Myanmar က ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အဲဒီလေယာဉ်တွေကို အသုံးပြုပြီးတော့ နိုင်ငံတကာရာဇဝတ်မှု တွေ ကျူးလွန်တဲ့နေရာတွေ မှာ အသုံးပြုနေတဲ့ စစ်သည်တွေ နဲ့ စစ်လက်နက်တွေ သယ်ဆောင်တဲ့နေရာ၊ဝေဟင်ထောက်လှမ်းရေး နဲ့ ကင်းထောက်လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာတွေမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ခရိုနီကုမ္ပဏီတွေဖြစ်ကြတဲ့ 24 Hour Group ပိုင်ဆိုင်တဲ့ Air KBZ (ယခု Mingalar Aviation) ဟာ စစ်အုပ်စုက အာ ဏာသိမ်းကြိုးပမ်းမှုမတိုင်မီ မှာစစ်ကောင်စီလေတပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူ လွှဲပြောင်းခဲ့သလို စစ်လက်နက်ပွဲစားကုမ္ပဏီ ဖြစ်တဲ့ International Gateways Group ဗီယက်နမ် လေကြောင်းလိုင်းများကလည်း နောက်ထပ် ATR လေယာဉ် နှစ်စီးဝယ်ယူတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကပါဝင်ကာ သူတို့အမည်ကို အသုံးပြုပြီး ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
Air KBZ ကတော့ အဲဒီလို စစ်အုပ်စုကို လေယာဉ်ဝယ်ယူပေးပြီးတဲ့နောက်မှာ အရပ်ဘက်လေကြောင်းပြေးဆွဲတဲ့ နေရာမှာ အသုံးပြုနိုင်ဖို့ အတွက် အနည်းဆုံး ATR လေယာဉ်နှစ်စီးကို စစ်အုပ်စုထံဆီကနေ ငှားရမ်းအသုံးပြုခဲ့တာရှိခဲ့ပြီး စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်အောင်လုပ်ဆောင်ပေးတာရှိခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဆက်နွယ်နေတဲ့ KT Group ကလည်း စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူရာတဲ့နေရာမှာ ၎င်း တို့ရဲ့ British Virgin Islands ကုမ္ပဏီခွဲ MWG Limited ကနေတဆင့် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာတွေ ရှိတယ်လို့လည်းဆိုပါတယ်။
အခြား ATR လေယာဉ်တွေကိုတော့ ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးခဲ့တာ ဖြစ်ပြီး၊ ထူးကုမ္ပဏီအုပ်စုအနေ နဲအနည်း ဆုံး ATR လေယာဉ် ၆ စီး အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွေကိုလည်း လုပ်ဆောင်ပေးနေတာရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်အုပ်စုကို ATR လေယာဉ်တွေ ဝယ်ယူပေးခဲ့ကြတဲ့ နိုင်ငံတကာကုမ္ပဏီတွေ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားတွေ နဲ့ စီးပွားရေးလေကြောင်းလိုင်းတွေဟာ မြန်မာစစ်အုပ်စုကို ATR လေယာဉ်တွေ လွှဲပြောင်းရောင်းချခဲ့ကြောင်းနဲ့ ရောင်းချမှုအချို့ မှာ ဒဏ်ခတ်ပိတ်ဆို့ မှုတွေကို ရှောင်လွှဲ ဖို့ကြိုးပမ်းနေသလို နောက်ဆုံးလက်ဝယ်အသုံးပြုသူတွေကိုလည်း ဖုံးကွယ်ပေးထားတာတွေ ရှိနေတယ်လို့လည်း Justice For Myanmarရဲ့ သုတေသနလေ့လာမှုမှာ ဖော်ထုတ်ထားပါတယ်။
ဒါ့အပြင်လေယာဉ်ရဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်ကြတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ နဲ့ အပိုပစ္စည်းတွေ ရောင်းချပေးတာ၊ ATR လေယာဉ်တွေကိုမောင်နှင်နိုင်ဖို့ အတွက် ပြင်သစ်နိုင်ငံ နဲ့ ဩစတြီးယားနိုင်ငံတွေက ကူညီပေးတာ ရှိခဲ့သလို စင်ကာပူနိုင်ငံအတွင်းမှာ ရှိတဲ့ ကုမ၌ဏီတွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်ဖို့ အတွက် အရေးပါတဲ့ စက်ပစ္စည်း တွေ နဲ့ အပိုပစ္စည်းတွေ ကိုရောင်းချပေးတာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။
Justice For Myanmarရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်နေခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာ၊ သူတို့အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်”လို့ဆိုပါတယ်။
အဲဒါကြောင့် 24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့အပါအဝင် စစ်တပ်၏ ATR လေယာဉ်အုပ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်သင့်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် အရေးယူဆောင်ရွက်မှုတွေထဲမှာလည်း စစ်အုပ်စုရဲ့ ATR လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ၊ လေ့ကျင့် သင်ကြားမှုတွေနဲ့ နည်းပညာအကူအညီတွေ ရရှိနေတာတွေကို ဖြတ်တောက်ပစ်ဖို့ ပါဝင်ရမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
စင်ကာပူနိုင်ငံအနေနဲ့လည်း စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို မြန်မာစစ်အုပ်စု ရရှိအသုံးပြုနေမှုတွေကို ဖြတ်တောက်ဖို့၊ မြန်မာစစ်တပ်လက်နက်ပွဲစားကုမ္ပဏီတွေကို ၎င်းတို့နယ်မြေပိုင်နက်အတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားတာတွေကို ရပ်တန့်ဖို့တွေအတွက် အခုထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” လို့လည်းပြောဆိုထားပါတယ်။