သံတွဲမြို့နယ်အတွင်းက မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ် နဲ့ ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား အယောက် ၄၀၀ ကျော်ကိုရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် အေအေ က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီရေတပ်စခန်းကို အာရက္ခတပ်တော် အေအေဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၇) ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင် ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀၀ကျော်ကို ရှင်းလင်းနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း အမြောက်အများသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အဲဒီရေတပ်စခန်းမကျရှုံးရအောင် အဆင့်ဆင့်သော ခုခံစစ်တွေကိုလုပ်ထားသလို လေကြောင်း၊ရေကြောင်း ပစ်ကူအမြောက်အများနဲ့ ခုခံတိုက်ခိုက်ခဲ့ပေမယ့် အေအေရဲ့ ရဲရင့်ပြောင်မြောက်တဲ့ ဗျူဟာမြောက်ထိုးစစ်အောက် တစ်လအကြာမှာတော့ စစ်ကောင်စီက အဲဒီရေတပ်စခန်းတစ်ခုလုံးကို လက်လွတ် ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီရေတပ်စခန်း အနီးဝန်ကျင်မှာ စစ်ကောင်စီဟာ အင်အား ၁၂၀၀ ကျော်ထိ ချထားခဲ့တာ ရှိခဲ့ပြီး အဲဒီအင်အား ၁၂၀၀ ကျော်ထဲမှာ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြတဲ့ စစ်ကောင်စီတပ်သားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အနေနဲ့ နောက်ထပ် တိုက်ပွဲ အတွင်းမှာ ဒဏ်ရာရ၊ ကျဆုံး သူတွေကို စစ်သင်္ဘောတွေ နဲ့ သယ်ယူပြီးတော့ စစ်တွေ နဲ့ ဧရာဝတီတိုင်းဖက်ကို အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် အေအေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထဲမှာ ပထမဆုံး ရေတပ်စခန်းကိုစတင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ တပ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။