(‘ဒီနေ့ နေ့လယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်နေ)
ဂွမြို့နယ် ကျိန္တလီမြို့အတွင်းက ကျောက်ပါးစပ်ကျေးရွာ အနီးမှာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန် ပြန်လည်ဖြစ်ပွါးနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ ကျိန္တလီမြို့အတွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးမှု မရှိတာဟာ တစ်ပတ်ခန့် ကြာမြင့်နေပြီးနောက် မနေ့က နေ့လယ်လောက်က စတင်ကာ တိုက်ပွဲ ပြန်လည်ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းပြင်းထန်ထန် ဖြစ်ပွါးလာနေတာ ဖြစ်တယ်လို့ အဲဒီ အနီးအနားမှာ ရှိနေတဲ့ဒေသခံ တစ်ဦးကပြောပါတယ်။
“မနေ့က ကျောက်ပါးစပ်မှာ ထိတွေ့တိုက်ပွဲ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။စစ်ကောင်စီဘက်ကဒဏ်ရာရ စစ်သားတွေကို ဆိုင်ကယ်တွေ နဲ့ ကုလားပြင်(ရတနာမြိုင်)တွေကို ပို့တာရှိတယ်လို့”သူကပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ကုလားပြင်(ရတနာမြိုင်)ရဲစခန်း၊ကြွေချိုင် နဲ့ ဆပ်သွားစစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီး ပစ်ကူပေးနေတာတွေ ရှိသလိုလေကြောင်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်လုပ်ပေးနေတာတွေ ရှိနေတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။
“စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ကူပေးတာတွေကို လုပ်နေတယ်။အခုတိုက်ပွဲက ကျောက်ပါးစပ်ကနေ ဆားချက်ကျေးရွာ အနားထိရောက်လာတယ် ။မနေ့ကတော့ ကျောက်ပါးစပ်မှာ တော်တော် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာ။ ၁၁ နာရီလောက်မှာတော့ ဒိုးတန်းတောင်ဝန်ကျင်ကို လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့” သူကပြောပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ် ပါတယ်။
လက်ရှိမှာလည်း သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မောင်တော၊စစ်တွေ၊ကျောက်ဖြူ ၊တောင်ကုတ်၊မာန်အောင်၊အမ်း နဲ့ ဂွမြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ လုပ်ဆောင်နေတယ်လို့ အေအေက ထုတ်ပြန်ပြောဆိုထားပါတယ်။
CNA၊ဂူးဂူး။