Home သတင်း စစ်ရေး စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ကမ်းထောင့်ကြီးမှာ ဒေသခံ ၂ ဦးသေဆုံး ပြီး ၇ ဦး ဒဏ်ရာရ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ကမ်းထောင့်ကြီးမှာ ဒေသခံ ၂ ဦးသေဆုံး ပြီး ၇ ဦး ဒဏ်ရာရ

82
0
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဘုန်းတော်ကြီးကျောင်းမြင်ကွင်း။CJ ပေးပို့။

မြေပုံမြို့နယ်အတွင်းက ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီကမနေ့က စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာလေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၇ဦး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ ကမ်းထောင်ကြီးမြို့ မြောက်ပိုင်းဘုန်းကြီးကျောင်း နဲ့ ရွာသာယာရပ်ကွက်တွေကိုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဘုန်းကြီးကျောင်းအတွင်း ဥပုသ်သီလဆောက်တည်နေတဲ့ သူတွေ နဲ့ ရပ်ကွက် အတွင်းနေထိုင်နေတဲ့ သူတွေဟာ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ လည်းဒေသခံ တွေကပြောပါတယ်။

“သေတာကတော့ ရွာသာယာရပ်ကွက်ကပါ လေကြောင်းတိုက်ခိုက်တာက ဂျက်ဖိုက်တာတစ်စီး နဲ့ ၂ ကြိမ်တိုင်တိုင်လာပစ်ခတ်ခဲ့တာ။ဒဏ်ရာ ရသူတွေကတော့ ဥပုသ်သီလဆောက်တည်နေသူတွေ နဲ့ ကလေးငယ်တွေလည်း ပါတယ်။စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ နဲ့ လာပြီးတိုက်ခိုက်ခဲ့တာ။နေအိမ်တွေလည်း တော်တော် ပျက်စီးသွားတယ်လို့” အဲဒီကမ်းထောင့်ကြီးဒေသခံ တစ်ဦးကပြောပါတယ်။.

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၂ဦး ကတော့ ရွာသာယာရပ်ကွက်က အသက် ၁၀ နှစ်အရွယ် ကလေးငယ် မရွှေဇင်ဝင်း နဲ့ ဦးမောင်သန်းဌေးတို့ ဖြစ်ကြပြီး သူတို့ နှစ်ဦးဟာ စစ်ကောင်စီ ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးကျည်စ ဖောက်ဝင်ဒဏ်ရာတွေ နဲ့ ရပ်ကွက် အတွင်းမှာ ပွဲချင်းပြီးသေဆုံးခဲ့ရတာ ဖြစ်ပြီး အဲဒီရပ်ကွက် အတွင်းက မထက်ထက်အေး မှာတော့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းတွင်းမှာ ဥပုသ်သီလ ဆောက်တည်နေသူတွေ ဖြစ်ကြတဲ့ ဦးနီနီကျော်၊ ဦးမောင်သောင်းရင် ၊ဦးအောင်လှဦး၊ ဒေါ်လှကျော့စိန်၊ ဦးကျော်မြ နဲ့ ဒေါ်သိန်းရွှေနုတို့ဟာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရပြီး လက်ရှိမှာ ဆေးကုသမှုတွေ ပေးနေရတယ်လို့ ကမ်းထောင့်ကြီးမြို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“ ဒဏ်ရာရတဲ့ သူတွေထဲမှာတော့ ၅ဦးလောက်က တော်တော်ပြင်းပြင်းထန်ထန်ရထားတယ်။အဲဒီ မထက်ထက်အေးမှာ ဆိုရင်လက်မောင်းကို ကျည်ဖောက်ဝင်သွားတာ နောက် အဖွားကြီးတစ်ဦးဆိုရင်လည်း လက်မောင်းပြတ်လုနီးပါးဖြစ်သွားတာ။အခုတော့သူတို့ကို အရေးပေါ်ဆေးကုမှုတွေ လုပ်နေရတယ်လို့”သူကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေကလည်း တောင်ကုတ်မြို့နယ် အတွင်းမ တန်းလွဲရွာမ နဲ့ကျော်ကဆိပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာ ရတာရှိခဲ့ပါတယ်။

ရခိုင်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့ မြို့တွေကို အငြိုးအတေးများစွာ နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏဆိုသလိုလုပ်ဆောင်နေတာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေဟာလည်း သေဆုံးမှု နေ့စဉ်မြင့်တက်နေကြရပါတယ်။

CNA၊မြတ်သူ။

LEAVE A REPLY

Please enter your comment!
Please enter your name here