Home သတင်း စစ်ရေး သံတွဲမြို့ကိုလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

သံတွဲမြို့ကိုလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

109
0
ပုံ၊စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ သံတွဲမြို့အတွင်းကဒွါရာဝတီခန်းမ မြင်ကွင်း။CJ

ဒီနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်လောက်မှာ စစ်ကောင်းစီက သံတွဲမြို့ မြို့နယ်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရုံးနေရာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ရသလို ၂၀ ကျော်ထက် မနည်းတဲ့ ပြည်သူတွေဟာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ တွေနဲ့ ဒဏ်ရာရသူတွေဟာ သံတွဲမြို့အထွက် စာနီတောင် အနီးမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးမှာနေထိုင်နေကြတဲ့ ပြိုင်းတောကြီး၊ပြိုင်းတောလေး၊ကွင်းဝိုင်း နဲ့ မောင်ရွေလေးကျေးရွာတွေက စစ်ဘေးရှောင်နေကြသူတွေ ဖြစ်ကြတယ်လို့လည်း ဒေသ သတင်းအရင်းမြစ်တွေကပြောပါတယ်။.

“အခုသေတာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရုံးအထဲမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေ ဖြစ်တယ်။ဒွါရာဝတီခန်းမှာကိုလည်း ကြဲတယ် ဗုံးကတော့။ဒွါရာဝတီခန်းမလည်း အကုန်ပျက်စီးသွားတယ်။တစ်ကြိမ်တည်းလာကြဲတာမှ မဟုတ်တာ။တော်တော်လည်းကို ဆိုးဆိုးရွားရွားလုပ်ခံလိုက်ရတာ ဖြစ်တယ်။လူစာရင်းအတိအကျတော့ မသိရသေးဘူး ဘယ်သူမှလည်း မသွားရဲဘူး။ကလေးတွေရော လူကြီးတွေရော ပါတယ်လို့ သိရတယ်။သေတာ ၁၃ ဦး နဲ့ ဒဏ်ရာရတာကတော့ ၂၀ ကျော်တယ်လို့တော့ သိရတယ်လို့”သူကပြောပါတယ်။

ပုံ၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ စစ်ရှောင်များ မြင်ကွင်း။MPA

အဲဒီစစ်ဘေးရှောင်တွေဟာ မောင်ရွှေလေး၊ကွင်းဝိုင်းရေတပ်တိုက်ပွဲ ပြင်းထန်နေချိန်မှာ ကျေးရွာတွေ အတွင်းကနေ ထွက်ပြေးလာကြပြီး အဲဒီ အဆောက်အဦးတွေမှာ စစ်ဘေးရှောင်နေကြတဲ့ သူတွေ ဖြစ်ကြတယ်လို့ လည်းဒေသ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

အခုလိုစစ်ကောင်စီက သူတို့ လက်လွတ်ဆုံးရှုံးလိုက်ရပြီး စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု လာရောက်လုပ်ဆောင်တဲ့ အပေါ်မှာ ဒေသခံတွေ အနေ နဲ့လည်း စိုးရိမ်မှုတွေ မြင့်တက်နေတာရှိနေကြရတယ်လို့ သံတွဲ့မြို့အတွင်းမှာ နေထိုင်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

“လက်ရှိကတော့ ပြည်သူတွေမှာ အများကြီးစိုးရိမ်မှုတွေ ရှိတယ်။တိုက်ပွဲမရှိပဲ အခုလို ဗုံးလာကြဲတယ်ဆိုတော့ မြို့ပေါ်ကိုလည်း မလုပ်ဘူးလို့ ပြောမရဘူး။တောင်ကုတ် တို့ မြေပုံတော့ မှာလည်း ကြနေတယ်ဆိုတော့ စိုရိမ်မှုတွေတော့ အများကြီးရှိနေကြတယ်။အခုဟာက သူတို့က တမင်ရည်ရွယ်ချက် ရှိရှိတွေ နဲ့ လုပ်နေတာဖြစ်တယ် ။ စစ်ရှုံးထားရလို့ ပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိလုပ်နေတာ ဖြစ်တယ်လို့” သူကပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အပေါ်မှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်းနီးချင်းနိုင်ငံတွေက စစ်ကောင်စီကို ဖိအားပေးတားမြစ်ဖို့လည်း လိုအပ်နေပြီးဖြစ်တယ်လို့ သံတွဲပြည်သူတွေကတောင်းဆိုကြပါတယ်။.

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ ကလည်း စစ်ကောင်စီဟာ တောင်ကုတ်မြို့ တန်လွဲရွာမ နဲ့ ကျော်ကဆိပ်ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၂ ဦးသေဆုံးခဲ့ရသလို ၄ ဦးဒဏ်ရာ ရရှိခဲ့ရပါတယ်။

ဒါ့အပြင်မြေပုံမြို့နယ် ကမ်းထောင့်ကြီး မြို့အတွင်းက မြောက်ပိုင်းဘုန်းကြီးကျောင်း နဲ့ ရွာသာယာရပ်ကွက်တွေကို စက်တင်ဘာလ ၂၅ ရက်နေ့ မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်း အတွင်းမှာ ဥပုသ်သီလဆောက်တည်နေသူ ၇ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here