ရခိုင်ပြည်၊တောင်ကုတ်မြို့ ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီက အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်တွေ ပျက်စီးခဲ့ရသလို ကလေးငယ်တစ်ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ခေါးလောင်းတူကျေးရွာဟာ တောင်ကုတ်မြို့နယ် နဲ့ ၇ မိုင်ခန့် အကွာ မှာရှိတဲ့ကျေးရွာ တစ်ခုဖြစ်ပြီး တိုက်ပွဲတစ်စုံတရာဖြစ်ပွါးတာမရှိဘဲ စစ်ကောင်စီက အခုလိုလေကြောင်းက လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အခုလေကြောင်းတိုက်ခိုက်ခံရတာက ခေါင်းလောင်းတူ ရွာသစ် နဲ့ ပိတ်ဆိပ်ဆိုတဲ့ နေရာတွေကိုတိုက်ခိုက်ခံခဲ့ရတာ။တိုက်ပွဲ ဘာမှ ဖြစ်တာ မရှိပဲ ဒီအတိုင်းလာပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာ ။ လူနေအိမ် ကတော့ ၅ အိမ်လောက်ပျက်စီးသွားတယ်။ကလေးတစ်ယောက်ဒဏ်ရာ ရတယ် အိမ်တွေကို တည့်တည့်ကျတာတော့ မဟုတ်ခဲ့ဘူးလို့”သူကပြောပါတယ်။
တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ နှစ်ဖက်စစ်ရေးတင်မာမှု အခြေအနေတွေ ရှိနေပေမယ့်လည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးတာတွေ မရှိပေမယ့်စစ်ကောင်စီက တောင်ကုတ်မြို့နယ် အတွင်းက ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေ နဲ့ပစ်ခတ်တာတွေကို မကြာခဏလုပ်ဆောင်နေတာတွေ ရှိပြီး အရပ်သားပြည်သူတွေလည်း မကြာခဏဆိုသလို ထိခိုက်သေ ဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလိုလက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်တာတွေကို စစ်ကောင်စီက အကြောင်းမဲ့သက်သက် လုပ်ဆောင်နေတာကြောင့်ဒေသခံတွေကို စိုးရိမ်စိတ်တွေ နဲ့ နေထိုင်နေကြရတယ်လို့လည်း တောင်ကုတ်ဒေသခံ တစ်ဦးကပြောပါတယ်။
“အခုက ကျနော်တို့တော်ကုတ်မှာက လမ်းသွားရင်လည်းကြောက်ရ အိမ်မှာ အိပ်နေရင်လည်းကြောက်ရဖြစ်တယ်။လမ်းသွားရင်လည်း ငါ့ကို ဖမ်းပြီး စစ်ဆေးခံရမလား အိမ်မှာနေလို့ လက်နက်ကြီးသံတွေ လေယာဉ်သံတွေကြားရင်လည်း ငါ့တို့ အိမ်ခေါင်မိုးပဲ ကျမလားလို့ အမြဲစိုးရိမ်နေရတယ်လို့”သူကပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တန်းလွဲရွာမ ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တန်းလွဲရွာမက အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ဒဏ်ရာရ သူ ၄ ဦးရှိခဲ့ရပါတယ်။
အဲဒီလိုပဲ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မြေပုံမြို့နယ်အတွင်းက ကမ်းထောင့်ကြီးမြို့ ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး နောက်ထပ်ဒေသခံ ၇ဦးဟာလည်းဒဏ်ရာ ရရှိခဲ့ရသလို စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၇ နာရီကျော်မှာလည်း သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ စစ်ရှောင် ၁၄ ဦးဟာအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသလို နောက်ထပ် ပြည်သူ ၂၅ ဦးဟာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရပါတယ်။
CNA၊ဂူးဂူး။