CNA၊မြတ်သူ။
ဂွမြို့နယ် အတွင်းမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေပြီး စစ်ကောင်စီရဲ့ ခံစစ်အနေအထား နဲ့ လက်နက်ကြီးတွေ အထိုင်ချထားတဲ့ ကြွေချိုင်ကမ်းခြေက အမြောက်တပ်ကို ပုဂံတောင်တံတား အနီးကတောင်ထိပ်သို့ ပြောင်းရွေ့ အထိုင်ချနေတာတွေ ရှိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ ဂွမြို့နယ် ကျိန္တလီမြို့ အတွင်းက ပြင်ကွင်း နဲ့ ဆားချက်ကျေးရွာ အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးပြီးနောက် စစ်ကောင်စီက အကျအရှုံးများနေတာကြောင့် တပ်ဆုတ်တဲ့ အနေ နဲ့ ကြွေချိုင် ကမ်းခြေအနီးက အမြောက်တပ်ကို ပုဂံတောင်တံတား အနီးက နေရာသို့ ပြောင်းရွေ့တာ ဖြစ်တယ်လို့ ဒေသသတင်း အရင်းအမြစ်ကပြောပါတယ်။
“မနေ့ညနေကတည်းပင် ကြွေချိုင်ကအမြောက်တပ်တွေ ပုဂံတောင်တံတားအနီးက ပုံဂံတောင် ဘုရားကို ပြောင်းကြတယ်။သူတို့ ဟိုဖက်ကမှာ အထိအခိုက်များတော့ ဒီဖက်ကို အဆင်သင့် အနေအထားနဲ့ ဖြစ်အောင် တပ်ဆုတ်တဲ့ သဘောဖြစ်တယ်။အကုန်လုံးတော့ မဆုတ်သေးဘူး တပ်သားတွေကျန်နေသေးတယ်။လက်နက်ကြီးတွေကို ရွေ့ပြီး ဆုတ်နေတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။
အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကတည်းကပင် ကျိန္တလီမြို့ အတွင်းမှာရှိတဲ့ ကျောက်ပါးစပ်ကျေးရွာ အနီးမှာတိုက်ပွဲ ပြန်လည် ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး အဲဒီနောက် စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ရခိုင်က တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ အေအေက ထုတ်ပြန်ပြောဆိုပြီးတဲ့ နောက်ပိုင်းမှာ အခုလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ကုလားပြင်(ရတနာမြိုင်) ရဲစခန်းမှာ အခြေကုတ်ယူထားတဲ့ စစ်ကောင်စီ တပ်တွေ ရဲ့ အကြီးပိုင်းတွေဟာလည်း ဒီနေ့မနက်ပိုင်းမှာ တပ်ဆုတ်ထွက်ခွါပြေးနေကြတာ ရှိပြီး ကုလားပြင်(ရတနာမြိုင်)ရဲစခန်းကိုလည်း အာရက္ခတပ်တော် အေအေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာတွေ ရှိနေတယ်လို့ကုလာပြင်(ရတာနမြိုင်)ကျေးရွာ ဒေသသတင်းအရင်းမြစ်က ပြောပါတယ်။
“အခုက စစ်ကောင်စီတပ်သား အကြီးပိုင်းတွေက အကုန်လုံးက ရဲစခန်းကနေပြီးတော့ ထွက်ပြေးနေကြပြီ။အခုကုလားပြင် ရဲစခန်းကိုလည်း အေအေက ဝိုင်းပြီးတိုက်ခိုက်နေတယ်။စစ်ကောင်စီတပ်သားတွေလည်း တော်တော် အကျအရှုံးများတယ်။မနေ့ကဆို Y-12 နဲ့လည်း လေကြောင်း ပစ်ကူပေးတာတွေ ရှိတယ်။တိုက်ပွဲကတော့ လက်ရှိအချိန်ထိ ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲ”လို့သူကပြောပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ် ပါတယ်။