(ကုလားပြင် ရဲစခန်းကို အေအေဝင်ရောက်တိုက်ခိုက်)
ကျိန္တလီမြို့နယ်အတွင်းက ကိုင်ခုံကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားက သေနတ် နဲ့ပစ်ခတ်ခဲ့တာကြောင့် ကိုင်ခုံကျေးရွာ အတွင်းက လူငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသသတင်းအရင်းမြစ်တွေကပြော။
သေနတ် နဲ့ပစ်ခတ်ခံခဲ့ရတဲ့ လူငယ်ကတော့ ကိုင်ခုံကျေးရွာက ဦးဌေးကျော် ရဲ့ သားဖြစ်သူမောင်ပြည့်ဖြိုးဆိုသူ ဖြစ်ပြီး ဒီနေ့ညနေ ၃ နာရီကျော်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်ကပြောပါတယ်။
မောင်ပြည့်ဖြိုးဟာ ဆားချက်ရွာ နဲ့ ကိုင်ခုံကျေးရွာကြားမှာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတို့ နှစ်ဖက်ပစ်ခတ်မှု ပြင်းထန်လာချိန်မှာ ကွင်းပြင်မှာ ရှိနေတဲ့ နွားကို သွားယူတဲ့ အချိန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားက ပစ်ခတ်ခဲ့တာကြောင့် ဗိုက်ကို ထိမှန်ကာ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ဒေသ သတင်းအရင်းမြစ်က ပြောပါတယ်။
“သူက တိုက်ပွဲတွေ ရွာအနားကို ကပ်လာတာကြောင့် ကွင်းမှာရှိတဲ့နွားကို သွားယူချိန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားက ပစ်ခတ်လို့ ဗိုက်ကိုထိပြီးတော့ သေသွားတာဖြစ်တယ်။တိုက်ပွဲက ဒီနေ့မနက်ပိုင်းကတည်းကပင် ဆားချက်နဲ့ ကိုင်းခုံကြားမှာ ပြင်းပြင်ထန်ထန် ဖြစ်နေတာ။အဲဒါကြောင့် သူက နွားကိုသွားယူတာ။အိမ်နဲ့လည်း အရမ်းမဝေးဘူး သူတို့အိမ်က ရွာဝင်ဝမှာ ။ သူ့နွားက ဆားချက် နဲ့ ကိုင်ခုံကြားက ကွင်းမှာ သွားယူတာ။အဲဒီမှ ပစ်ခံရတာလို့”သူကပြောပါတယ်။
အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကတည်းကပင် ကျိန္တလီမြို့ အတွင်း ကျောက်ပါးစပ်ကျေးရွာ အနီးမှာနှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးလာခဲ့တာ ဖြစ်ပြီး အေအေ ရဲ့ ထိုးစစ်ဟာ ဂွမြို့နယ်အတွင်းက ကုလားပြင်(ရတနာမြိုင်)ကျေးရွာအထိရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ညနေ ၇ နာရီဝန်းကျင်းမှာတော့ ကိုင်းခုံကျေးရွာအတွင်းမှာလည်းတိုက်ပွဲပြင်းထန်းနေသလို ဂွမြို့နယ် အတွင်းက ရတနာမြိုင်(ကုလားပြင်) ရဲစခန်းကိုလည်း အေအေက ဝင်ရောက်တိုက်ခိုက်တာရှိနေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတယ်လို့ ကုလားပြင်ကျေးရွာ ဒေသ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အေအေက ရဲစခန်းကိုဝင်တိုက်နေတယ်။ပစ်ခတ်သံတွေလည်းဆူညံနေကြတယ်။လေကြောင်းတိုက်ခိုက်တာတွေလည်း ရှိတယ်။ကုလားပြင် တံတားက စစ်ကောင်စီတပ်သားတွေလည်းရဲစခန်းကိုဆုတ်လာတယ်။ရဲစခန်းမှာရှိတဲ့ အကောင်ကြီးတွေကတော့ မနက်ကတည်းကပင် ပြေးသွားကြပြီ။အခုက ကိုင်ခုံ နဲ့ ကုလားပြင်ဆိုတာက တစ်ဖက်တစ်ကမ်းဆိုတော့ အဲနေရာမှာ အပြင်းအထန် ဖြစ်နေတာ ဖြစ်တယ်လို့”သူကပြောပါတယ်။
ဒါ့အပြင် ကြွေချိုင်ကမ်းခြေက အမြောက်တပ်ကိုလည်း စစ်ကောင်စီဟာ ကြွေချိုင်ကမ်းခြေ နဲ့ ၃ မိုင်ခန့် အကွာ ပုဂံတောင်တံတား အနီးက တောင်ထိပ်သို့ ပြောင်းရွေ့ အထိုင်ချကာ ခုခံစစ်အတွက် ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ်သလို ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။
CNA၊ဂူးဂူး။