CNA၊ဂူးဂူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ကျိန္တလီမြို့ နဲ့ ဂွမြို့နယ်အတွင်းက ကုလားပြင်(ရတနာမြိုင်)ကျေးရွာကို ဆက်သွယ်ထားတဲ့ ကုလားပြင် (ရတနာမြိုင်)တံတားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တံတား ကြမ်းခင်း နဲ့ တံတားဘေးဘောင်တွေပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ အောက်တိုဘာလ ၄ ရက်နေ့က ကိုင်းခုံ ကျေးရွာအတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့ ညနေ စစ်ကောင်စီတပ်သားတွေ ကိုင်ခုံကျေးရွာ အတွင်းက တပ်ဆုတ်ထွက်ခွါလာချိန်မှာ စစ်ကောင်စီက အဲဒီတံတားကို လေကြောင်းကနေ ဗုံး ၂ လုံးကြဲချကာ တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသသတင်းအရင်းမြစ်ကပြောပါတယ်။
“ကိုင်ခုံမှာက ၄ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်ထန်ထန်ဖြစ်ကြတယ်။၅ ရက်နေ့ညနေမှာ အေအေထိုးစစ်ကို မခံနိုင်လို့ တပ်ဆုတ်လာတဲ့အခါမှာ လေကြောင်းက ဗုံးကြဲပြီးတော့ တံတားကို ဖျက်ဆီးတာ။တံဘားဘေးဘောင်တွေ ပျက်စီးတယ်။ကြမ်းခင်းတွေပျက်စီးတယ်။ပြီးတော့ ကုလားပြင်(ရတနာမြိုင်)နဲ့ကိုင်ခုံရွာတွေက နေအိမ်တွေကိုလည်း လေကြောင်းက ဗုံးကြဲလို့ ပျက်စီးတာတွေ ရှိတယ်လို့”သူကပြောပါတယ်။
အာရက္ခတပ်တော်အေအေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကတည်းကပင် ကျိန္တလီမြို့ အတွင်းမှာရှိတဲ့ ကျောက်ပါးစပ်ကျေးရွာ အနီးမှာတိုက်ပွဲ ပြန်လည် ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး အဲဒီနောက် စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ရခိုင်က တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ အေအေက ထုတ်ပြန်ပြောဆိုပြီးတဲ့ နောက်ပိုင်းမှာ အခုလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း အဲဒီကိုင်ခုံကျေးရွာ အတွင်းက တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ဟာ ဂွမြို့နယ်အတွင်းက ကုလာပြင်(ရတနာမြိုင်)ကျေးရွာအတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊လက် နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရပြီး ကျေးရွာအတွင်းက လူနေအိမ်တွေလည်း မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
“စစ်ကောင်စီလက်နက်ကြီးတွေ ၊လေယဉ်တွေ နဲ့ဗုံးကြဲနေတော့ ဘယ်သူမှမနေရဲလို့ထွက်ပြေးနေကြတယ်။လူနေအိမ်တွေလည်း အကုန်ပျက်စီးတယ်။မီးလောင်တာတွေလည်းရှိတယ်။အခုလည်း ရဲစခန်းနားတိုက်ပွဲပြင်းထန်တော့အဲဒီ အနားကတောရဘုန်းကြီးကျောင်းလည်း လေကြောင်းတိုက်ခိုက်လို့ မီးလောင်နေတယ်လို့”သူကပြောပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ် ပါတယ်။