CNA၊မြတ်သူ။
တောင်ကုတ်မြို့၊တန်းလွဲရွာမမြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ ညည့်အချိန်က လက်နက်ကြီး ပစ်ခတ်တာ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၁၅ ဦးသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရရှိသူ ၁၀ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ ညည့် ၁၁ နာရီကျော်လောက်မှာ တန်းလွဲရွာမမြို့ ဈေးကြီး နဲ့ ကမ်းနားလမ်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းကပါ ဂျက်ဖိုက်တာ နဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပါတယ်။



“တောင်ကုတ် တက္ကသိုလ် မောင်းတံဂိတ်ကလည်း လက်နက်ကြီး နဲ့ ၈ ချက်ထက်မနည်းပစ်ခဲ့တယ် လေကြောင်းကလည်း ၂ ကြိမ်ဗုံးလာကြဲခဲ့တယ်။.လူကတော့ လတ်တလောမှာ ၁၅ ဦးသေတယ်။၁၀ ကျော်ဒဏ်ရာ ရတယ်။နေအိမ် ၁၅ လုံးမနည်း မီးလောင်ပျက်စီးသွားတယ်။လက်နက် ကြီးပစ်တာလည်း ကျတယ် အဲဒီဈေး အနီးဝန်ကျင်နေရာတွေကိုလို့ “သူကပြောပါတယ်။
အဲဒီလို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ သူတွေကတော့ ကိုဆန်းဇော်ဌေး၊ကိုမောင်ကြီး အပါအဝင် ၁၅ ဦးသေဆုံးခဲ့ရသလို နောက်ထပ် ဒဏ်ရာ ရရှိ သူ ၁၀ ဦးထက်မနည်း ရှိခဲ့ရတာလည်းဖြစ်ပါတယ်။
လက်ရှိ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ တန်းလွဲရွာမမြို့ နဲ့ ကျောက်ဆိပ် ကျေးရွာကိုလည်းပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့တာ ရှိခဲ့ရပါတယ်။



ဒါ့အပြင်ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကလည်း တောင်ကုတ်မြို့အတွင်းက ကင်းတောင်ကျေးရွာကို စစ်ကောင်စီကတိုက်ပွဲ တစ်စုံတရာ ဖြစ်ပွါးတာမရှိပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်တိုင်တိုင်လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ရပြီး ၈ ဦးဟာလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာလည်းရှိခဲ့ပါတယ်။
ရခိုင်စစ်မြေပြင်မှာ စစ်ရေး အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ မရှိတဲ့ ရခိုင်ဒေသခံပြည်သူတွေ နေထိုင်ရာ ရပ်ကွက်ကျေးရွာတွေကို ဒီလပိုင်းတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတာတွေကြောင့် အရပ်သားပြည်သူထိခိုက်ဒဏ်ရာ ရရှိမှုတွေဟာလည်း များစွာ မြင့်တက်လျှက်ရှိနေပါတယ်။


