ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ရှိနေတာကြောင့် အခုလာမယ့် သီတင်းကျွတ် နဲ့ တန်းဆောင်မုန်းကာလ အခါကြီးရက်ကြီးတွေ မှာ လူစုလူဝေး နဲ့ ဥပုသ်သီလဆောက်တာ၊ပျော်ပွဲရွှင်ပွဲ ပြုလုပ်တာ၊ကားတွေ နဲ့ စီတန်းလှည့်လည်တာ နဲ့ လူစုဝေးကာ မီးထွန်းပွဲတော် ပြုလုပ်တာတွေကို မလုပ်ကြဖို့ ULA/AAကညွန်ကြားချက်ထုတ်ပြန်ထားပါတယ်။
အဲဒီညွန်ကြားချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ နေ့စွဲ နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ နိုဗာ (၁)စစ်ဒေသနိုင်ငံရေးမှူးရုံးက အုပ်ချုပ်ရေးမှူးဆိုင်ရာ တာဝန်ရှိသူတွေက တဆင့်ပြည်သူတွေကို အသိပေးဖို့ ညွန်ကြားထားခဲ့တာလည်းဖြစ်ပါတယ်။
ULA/AA ရဲ့ ညွန်ကြားချက်ထဲမှာ “အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒေသအားလုံးဟာ အခုလာမယ့် သီတင်းကျွတ် နဲ့ တန်းဆောင်မုန်းကာလတွေမှာပြည်သူတွေ အနေ နဲ့လူဦးရေ အရေအတွက်များစွာ နဲ့ စီးနင်းလိုက်ပါလာတဲ့ ကားတွေ နဲ့ မြို့ကို လှည့်ပတ်တာ၊တစ်ရွာ နဲ့တစ်ရွာ ကားနဲ့ ဆေင်းဘောက်ဖွင့် ကခုန်အော်ဟစ်သွားလာတာ လူစုလူဝေး နဲ့ ပျော်ပွဲရွှင်ပွဲ ၊စတိတိရှိုးဇာတ်သဘင် နဲ့လောင်းကစားဝိုင်းတွေ ကျင်းပတာ၊ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်သီလဆောက်တည်တာ၊အလှူလုပ်တာတွေအပြင် ပြည်သူလုံခြုံရေးကို လေ့စားလိုက်နာတဲ့ အနေ နဲ့ မြို့တွင်းမှာ ဆောင်းဘောက်တွေ ဆူဆူညံညံဖွင့်တာ လူမှုပတ်ဝန်းကျင်ကို အသံ အပြုအမူ နဲ့ အနှောက်အယှက်ဖြစ်စေ တဲ့ လုပ်ရပ်တွေကို မလုပ်ရလို့”ညွန်ကြားချက်ထဲမှာ ညွန်ကြားထားပါတယ်။


အခုလို ထုတ်ပြန်ရတာဟာ စစ်ကောင်စီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အလုံးစုံသိမ်းပိုက်ရရှိပြီးဖြစ်တဲ့ ဒေသတွေသာမက အလုံးစုံသိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ဒေသတွေမှာလည်း လူစုလူဝေးရှိနေတယ်လို့ ယူဆရတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်တာတွေရှိနေတာကြောင့်ပြည်သူတွေ ရဲ့အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် အခုညွန်ကြားချက်ကို ညွန်ကြားရတာ ဖြစ်တယ်လို့ လည်းဆိုထားပါတယ်။
ဒါ့အပြင် ဒီစည်းကမ်းတွေကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဦးဆောင်ပြီးလုပ်ကိုင်နေကြတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အနေ နဲ့လည်း တသွယ်မတိမ်းလိုက်နာရမှာ ဖြစ်ပြီး ပြည်သူတွေကိုလည်း အကျိုးသင့်အကြောင်းသင့်ထပ်ဆင့်ရှင်းပြတာ၊မိတ္တာရပ်ခံတာ အခြေအနေအဖက်ဖက်ကိုထောက်ရှုပြီးတော့ သည်းခံစိတ်ရှည်စွာ နဲ့ တိကျလိုက်နာရမယ့်အကြောင်းတွေကိုအချက်အလက် နဲ့တကွ နားလည်သဘောပေါက် အောင် ရှင်းရှင်းလင်းလင်းပြောကြားပေးရမယ်လို့လည်း ဆိုထားပါတယ်။
တစ်ဖက်မှာလည်း အာရက္ခပြည်သူတွေ အနေ နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထုတ်ပြန်ချက်ကို တိကျစွာလိုက်နာဖို့လိုအပ်သလို အခုလာမယ့် သီတင်းကျွတ် နဲ့ တန်းဆောင်မုန်းကာလာတွေမှာ လူစုလူဝေး အနည်းဆုံး နဲ့ အသိ၊သတိထားကာဖြတ်သန်းနိုင်ဖို့လိုအပ်သလိုအပ်တယ်လို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။