CNA ၊ မြတ်သူ။
ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့က ဂွမြို့နယ် အတွင်းက ဒယ်ဘုတ်ကျေးရွာကို စစ်ကောင်စီက ဒရုန်း၊လက်နက်ကြီး တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး ၅ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ရတယ်လို့ ဒေသသတင်းအရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့က အဲဒီ ဒယ်ဘုတ်ကျေးရွာ အနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တာ အနည်းငယ်ရှိခဲ့ပြီးနောက် စစ်ကောင်စီက ညအချိန်မှာ ဒေသခံ ပြည်သူတွေ နေထိုင်ရာနေရာကို အခုလို လက်နက်ကြီးတွေ နဲ့ပစ်ခတ်တာ ဒရုန်းတွေ နဲ့ တိုက်ခိုက်တာ ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်ကပြောပါတယ်။
“အဲဒီနေ့ က ဒယ်ဘုတ်ကျေးရွာ အနားမှာတော့ထွတွေ့တိုက်ပွဲဖြစ်ခဲ့တာနည်းနည်းတော့ရှိခဲ့တယ်။ပြီးတော့ ညအချိန်မှာမှ သူတို့က ဒေသခံပြည်သူတွေနေထိုင်တဲ့ နေရာကိုလာပြီးတော့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ် ပြီးတော့ လက်နက်ကြီးတွေ နဲ့လည်း ပစ်ခတ်ခဲ့တယ်။ဒရုန်းတွေ ကတော့ ရွာထဲက နေအိမ်တွေ တည့်တည့်ကို ပစ်ခတ်ခဲ့တယ် အဲဒါကြောင့် ပြည်သူတွေ အခုလို သေဆုံးဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့”သူကပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၃ ဦးမှာ ဂွမြို့နယ် ဒယ်ဘုတ်ကျေးရွာဒေသခံတွေ ဖြစ်ကြတဲ့ အသက် ၄၂ နှစ်အရွယ် ကိုမောင်မောင်တင် ၊ အသက် ၄၇ နှစ်အရွယ် မခင်မျိုးမြင့် နဲ့ အသက် ၅၀ နှစ်အရွယ် ဦးတင်ရွှေ တို့ ဖြစ်ကြပြီး ဒဏ်ရာ ရရှိသူ ၅ ဦးကတော့ အသက် ၁၂ နှစ်အရွယ်မမေနှင်းသူ၊၊ အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်ထွေး၊ အသက် ၂၅ နှစ်အရွယ် ချိုချိုဝင်း ၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်း ကြည် နဲ့ အသက် ၃၀ နှစ် အရွယ် ကိုမျိုးမြင့် အောင်တို့ဖြစ်ကြ တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း သဗြုချောင်းကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သဗြုချောင်းကျေးရွာ အတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ဒေသခံ ကိုညီလေးဆိုသူ သေဆုံးခဲ့ရပြီး နေအိမ်တွေ လည်း အများအပြားပျက်စီးတာတွေ ရှိခဲ့ရပါတယ်။
ရခိုင်မှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရနေရာတွေကို လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်ခတ်တာတွေ ကိုနေ့စဉ်ရက်ဆက်လုပ်ဆောင်နေတာကြောင့် ရခိုင်မှအရပ်သားပြည်သူ သေဆုံးမှုဟာလည်း နေ့စဉ်မြင့်တက်နေရပါတယ်။