
ဒီနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ သံတွဲမြို့နယ်အတွင်းက ( ၈) ရပ်ကွက်အတွင်းကိုလေကြောင်တိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ဒေသခံ ကလေးငယ်တစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီရုံး နဲ့ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးရုံးတွေ ပျက်စီးသွားခဲ့ရတယ်လို့ ဒေသသတင်းအရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီက အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ သံတွဲမြို့နယ် (၈)ရပ်ကွက်အတွင်းက ကြံ့ခိုင်ရေးပါတီရုံး နဲ့ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးရုံးကို ဒီနေ့မနက်ပိုင်းမှာ ၂ ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီအနီးမှာ ရှိနေတဲ့ ကလေးငယ်တစ်ဦးကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်က ပြောပါတယ်။
“မနက် ၄ နာရီဝန်းကျင်လောက်မှာ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာပါ။နှစ်ကြိမ်လာပြီးတော့ တိုက်ခိုက်ခဲ့တယ်။ကြံခိုင်ရေးပါတီရုံး နဲ့ စစ်သားသစ်စုဆောင်းရေးရုံးနေရာတွေပျက်စီးသွားတယ်။ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့”သူကပြောပါတယ်။
ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်ကတော့ သံတွဲမြို့ အမှတ် (၈) ရပ်ကွက်က အသက် ၁၄ နှစ်အရွယ် မောင်ဖိုးချို ဆိုသူဖြစ်ပြီး လက်ရှိ အဲဒီကလေးငယ်ကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသပေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသသတင်းအရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ လက်လွတ်ဆုံးရှုံးလိုက်ရပြီး ဖြစ်တဲ့ သံတွဲမြို့နယ် အတွင်းက သူတို့ အခြေစိုက်ခဲ့ရာ ရုံးတွေကိုလည်း မကြာခဏဆိုသလို့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်တာတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးလေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ စစ်ဘေးရှောင် ပြည်သူ ၁၄ ဦးအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသလို ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူ ၂၄ ဦးထိရှိခဲ့ရပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်က မောင်တောမြို့ ဖားဝပ်ချောင်းကျေးရွာ ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ ရပြီး ၁၀ ဦးထက်မနည်းတဲ့ ပြည်သူတွေဟာလည်းဒဏ်ရာ ရရှိခဲ့ရပါတယ်။
ရခိုင်မှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ သူတို့ လက်လွတ်ဆုံးရှုံးထားပြီးတဲ့ မြို့တွေ နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ မြို့တွေကို လေကြောင်းတိုက် ခိုက်မှုဆက်တိုက်လုပ်ဆောင်နေတာတွေကြောင့် အရပ်သားပြည်သူတွေဟာလည်း နေ့စဉ်ရက်ဆက်ဆိုသလို သေဆုံးဒဏ်ရာ ရတာတွေ ရှိနေရပါတယ်။
အဲဒါကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီရဲ့လေကြောင်း အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ လူမှုကူညီရေး လုပ်ငန်းဆောင်ရွက်နေသူတွေကိုတိုက်တွန်း ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။