CNA၊မြတ်သူ။
တောင်ကုတ်မြို့ တောင်ကုတ်တက္ကသိုလ်အနီးက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို အာရက္ခတပ်တော်က ဒီနေ့မနက်ပိုင်းမှာ ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်နေတယ်လို့ ခိုင်လုံတဲ့ ဒေသ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
တောင်ကုတ်မြို့နယ် အတွင်းက ပန်းမြောက်တောင်အနီးက စစ်ကောင်စီအမြောက်တပ်စခန်းတစ်ခုကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းကပင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေတာရှိသလို ဒီနေ့ မနက်ပိုင်းမှာတော့ နောက်ထပ် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ တောင်ကုတ်တက္ကသိုလ်အနီးက စစ်ကောင်စီတပ်စခန်းကိုပါ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။
“ဒီမနက်ပိုင်းမှာ တောင်ကုတ်တက္ကသိုလ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် ။ပြီးတော့ ပန်းမြောက်တောင်မှာလည်းတိုက်ပွဲတွေက ပြင်းထန်နေတယ်။တိုက်ပွဲကတော့ ကျယ်ပြန့်လာတာပေါ့။စစ်ကောင်စီက လက်နက်ကြီး ပစ်ကူ၊လေကြောင်းပစ်ကူတွေ ပေးနေတယ် ဆက်တိုက် မြေပြင်က အခြေအနေက သိပ်မကောင်းဘူးလို့”သူကပြောပါတယ်။
စစ်ကောင်စီကလည်း အဲဒီတပ်စခန်းတွေ မကျရှုံးစေရေးအတွက် လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူးပေးကာ တိုက်ခိုက်နေတာတွေ ရှိနေပြီး အဲဒီလို ပစ်ကူပေးတိုက်ခိုက် တဲ့နေရာတွေမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ တောင်ကုတ် မြို့နယ် အတွင်းက ကျေးရွာတွေကို ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီးတော့လူနေအိမ်တွေပျက်စီးတာ ရှိသလို အရပ်သားတွေလည်းထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မနေ့က အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်လောက်မှာလည်း ကိုင်ရှည်တံတားထိပ်မှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အဲဒီစခန်းအနီးက လမ်းမပေါ်ကို ကျရောက်ပေါက်ကွဲတာကြောင့် စစ်ဘေးရှောင် ထွက်လာတဲ့ အရပ်သား နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးတာ ရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ တောင်ကုတ်မြို့ဒေသခံ သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“မနေ့ကကိုင်းရှည်တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးက အဝေးကို မရောက်ပဲ အဲဒီအနားကို ကျပြီးတော့ ပေါက်ကွဲတာကြောင့် စစ်ရှောင်ထွက်တဲ့ ဒေသခံ ၂ ဦးထက်မနည်း သေတယ်လို့ ပြောတယ်။နောက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ပြီးတော့ စစ်ကောင်စီတပ်သားတွေလည်း သေဆုံးဒဏ်ရာရတာတွေလည်း ရှိတယ်လို့သိရတယ်။မြို့တွင်းက ပြည်သူတွေကတော့ စစ်ရှောင်ထွက်နေကြတယ်။အခုတိုက်ပွဲက မြို့ နဲ့ နီးကပ်လာပြီဆိုတော့လို့”သူကပြောပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပို က်ထားနိုင်ပြီးဖြစ် ပါတယ်။
အဲဒီနောက် အပြီးသတ်သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မာန်အောင်၊တောင်ကုတ်၊အမ်း၊စစ်တွေ၊မောင်တော၊ကျောက်ဖြူ နဲ့ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း အာရက္ခတပ်တော် အေအေ က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပြီး လက်ရှိမှာ အမ်း၊မောင်တော၊ဂွ နဲ့ တောင်ကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ် ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။