CNA၊မြတ်သူ။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ တောင်ကုတ်မြို့အဝင်က အာလိန်ငါးဆင့်ကျောင်းအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေပြီး တိုက်ပွဲအတွင်းမှာ သေဆုံးဒဏ်ရာ ရရှိတဲ့တပ်သားတွေကို စစ်ကောင်စီက ကားတွေနဲ့ ကယ်ထုတ်ကာ မြို့တွင်းကို ပြန်လည်ပို့ဆောင်ပေးနေတာတွေရှိနေတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ အဲဒီအာလိန်ငါးဆင့်ဘုရားအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၈ နာရီလောက်ကတည်း ကပင် ညလုံးပေါက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့တာဖြစ်ပြီး တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်ဖက်က အကျအရှုံးများတာကြောင့် အလောင်းတွေ နဲ့ ဒဏ်ရာ ရလူနာတွေကို အခုလိုကယ်ထုတ်ယူနေတာ ဖြစ်တယ်လို့ မျက်မြင်ဒေသခံ တစ်ဦးကပြောပါတယ်။
“တိုက်ပွဲကတော့ ညလုံးပေါက်ဖြစ်တာ ။စစ်ကောင်စီကတော့ ဒရုန်းတွေ ၊လေကြောင်းတွေ၊လက်နက်ကြီး ပစ်ကူတွေ နဲ့ ပစ်တယ် တပ်တော်ကလည်း လက်နက် ကြီးတွေ ဒရုန်းတွေ နဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ စစ်ကောင်စီတပ်ကတော့ တော်တော် အကျအရှုံးများတယ်လို့ ကြားရတယ် အလောင်းတွေ လူနာတွေကိုသယ်ယူနေတာကိုလည်း ကျနော်တို့ မြင်နေရတယ်လို့”သူကပြောပါတယ်။
လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ အာလိန်ငါးဆင့်ကျောင်း နဲ့ တောင်ကုတ်မြို့ နဲ့ ၁ဖာလုံကျော်ခန့် အကွာမှာရှိပြီး အာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာ တဖြေးဖြေး နဲ့ မြို့အနီးကို ရောက်ရှိလာတာလည်းဖြစ်ပါတယ်။
မနေ့က ညနေမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီကလေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တောင်ကုတ်မြို့နယ် အတွင်းက ဒုံကျေးရွာကို စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နီးကြီးတွေ ကျရောက်ပေါက်ကွဲပြီးတော့ ဒေသခံပြည်သူ နေအိမ်တွေလည်း အများအပြားပျက်စီးတာရှိနေသလို ဒေသခံပြည်သူတွေဟာလည်း ကျေးရွာ အတွင်းက ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
“မြို့နဲ့ တော့နီးလာပြီးပေါ့ အခု တိုက်ပွဲဖြစ်တဲ့နေရာက တောင်ကုတ်မြို့ ကိုင်းရှည်တံတားနဲ့ ၁ဖာလုံလောက်ပဲ ကွာတယ်။ပစ်ကြခတ်ကြတာတော့ တစ်ညလုံး ပစ်ကြခတ်ကြတယ်။စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကျလို့ ဒုံကျေးရွာမှာလည်း နေအိမ်တွေ တော်တော် ပျက်စီတာတွေ ရှိတယ်။ ဒေသခံတော်တော် များများကတော့ ထွက်ပြေးနေကြရတယ် ရွာတွေမှာက နေမရတော့ဘူးလို့”ဒေသခံ တစ်ဦးက ပြောပါတယ်။
တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီနဲက အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ကတည်းကပင် ပန်းမြောက်တောင် အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ အဲဒီပန်းမြောက်တောင်မှာ ရှိတဲ့ စစ်ကောင်စီ အမြောက်တပ်စခန်းကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။