CNA၊ဟိန်းထက်။
မာန်အောင်မြို့နယ် အတွင်းမှာ စပါးရိတ်သိမ်းချိန် ဒီရက်ပိုင်း မိုးအဆက် မပြတ်ရွာသွန်းနေတာကြောင့် ဒေသခံတောင်သူတွေရဲ့ စပါးတွေဟာ ပျက်စီးမှုများစွာနဲ့ ကြုံနေကြရတာလည်းဖြစ်ပါတယ်။
လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ တောင်သူလယ်သမားတွေဟာ ဒီလ နိုဝင်ဘာ လ အစပိုင်းကတည်းကပင် စိုက်ပျိုးထားတဲ့ စပါးတွေကို စတင်ရိတ်သိမ်းနေကြရတာဖြစ်ပြီး အဲဒီလို စပါးရိတ်သိမ်းနေချိန်မှာ မိုးဆက်တိုက်ရွာသွန်း နေတာကြောင့် စပါးတွေ အပျက်အစီးများစွာ နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။
မာန်အောင်မြို့နယ်အတွင်းက ဒေသခံတောင်သူ ဦးခင်မောင်က“မိုးရွာတာက ၄ ရက်လောက်ရှိနေပြီ ရိတ်ထားတဲ့စပါးတွေက လယ်ထဲမှာပဲရှိနေတုန်း မိုးရွာလိုက်တော့ ရိတ်ထားတဲ့ စပါးတွေက ရေမြုပ်ပြီးတော့ အပင်တွေပြန်ထွက်လာတယ်။တောင်သူတွေ တော်တော် အခက်အခဲ ဖြစ်နေတယ်လို့”သူကပြောပါတယ်။
မာန်အောင်မြို့နယ် အတွင်းမှာ ရှိနေကြတဲ့ ဒေသတောင်သူအများစုဟာ အရင်ကတည်းကပင် လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ စိုက်ပျိုးရေးစရိတ်နဲ့ ရိတ်သိမ်းစရိတ် ကုန်ကျမှု များတာကြောင့်လယ်ယာစိုက်ပျိုးတဲ့ လုပ်ငန်းတွေကို စွန့်လွတ်ကာ တခြားလုပ်ငန်းတွေကို ပြောင်လဲ လုပ်ကိုင်နေကြရပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ ရခိုင်မှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ရဲ့ တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် စစ်ကောင်စီက ကုန်းလမ်း ရေလမ်း နဲ့ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ပိတ်ဆို့လိုက်တာကြောင့် လယ်ယာ သွင်းကုန်ပစ္စည်းတွေဟာ အရင်တုန်းက ကုန်ကျငွေထက် ဆယ်ဆလောက်ပိုမိုမြင့်တက်လာခဲ့ရပြီး အခုလိုစပါးရိတ်သိမ်းချိန်မှာမိုးထပ်မံရွာသွန်းတဲ့အတွက် တောင်သူတွေဟာ ဆုံးရှုံးမှုတွေအနေ နဲ့ ပိုမိုဆုံးရှုံးမှုတွေ ဖြစ်လာနေရတယ်လို့ ဒေသခံတောင်သူ မောင်မြင့်ဆန်းက ပြောပါတယ်။
“အရင်နှစ်တွေကတောင် စပါးစိုက်ရင် ရှုံးလို့ မစိုက်ကြတာ။ဒီနှစ်က လုပ်စရာအလုပ်အကိုင်လည်းမရှိတော့ စပါးစိုက်တဲ့လူတွေက ရှိတာတွေ နဲ့ အရင်းထည့်ပြီးလုပ်ကြတယ်။အခုက မိုးထပ်ရွာပြီး စပါးတွေ ရေထပ်မြုပ်တော့ အရှုံးမှာ အရှုံးထပ်ပြီးတော့ ဆင့်နေသလိုဖြစ်တော့ တော်တော် အခက်အခဲဖြစ်ရတယ်လို့”သူကပြောပါတယ်။
မာန်အောင်မြို့နယ် အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံ အများစုဟာ လယ်ယာလုပ်ငန်း နဲ့ ငါးဖမ်းလုပ်ငန်းတွေကို အဓိက စီးပွားရေးလုပ်ငန်း တစ်ခု အနေ နဲ့ လုပ်ကိုင်ကြပေမယ့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တာတွေကိုတော့ စစ်ကောင်စီက လုံခြုံရေး အကြောင်းပြပြီးတော့ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်း ကပင် ဒေသခံတွေ အနေ နဲ့ ပြင်လယ်ပြင်ထွက်ပြီး ငါးဖမ်းတာတွေကို မလုပ်ကြဖို့ တားမြစ် ပိတ်ပင်ထားခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ငါးဖမ်းလုပ်ငန်းကိုပိတ်ပင်လိုက်တာကြောင့် ဒေသ အတွင်းက ရေလုပ် ငန်းလုပ်ကိုင်တွေဟာလည်း မိသားစုစားဝတ်နေရေးအဆင်ပြေနိုင်ဖို့အတွက်လယ်ယာစိုက် ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်အစားထိုးလုပ်ကိုင်လာချိန် အခုလို စပါးရိတ်သိမ်းရာသီမှာ မိုးရွာသွန်းတာကြောင့် ရိတ်သိမ်းထားတဲ့ စပါးတွေ ရေနစ်မြုပ်ကာ အပျက်အစီးတွေ နဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ် ပါတယ်။
စပါးရိတ်သိမ်းနေမှုမြင်ကွင်း။CNA