CNA၊ငြိမ်းဇော်။
တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားတာ မရှိသေးပေမယ့် အစအရာရာ ပိတ်ပင်ခံထားရ တဲ့ မာန်အောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီက လောင်းကစားဝိုင်း နဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဆက်တိုက်ပြုလုပ်ခွင့်တွေပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်တပြည်နယ်လုံးမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဗိုလ်ကြီး အဆင့် ရှိသူတွေက တစ်ဖက်တစ်လမ်းက စီးပွားရေး ဝင်ငွေ ရရှိနိုင်ရေးအတွက် အခုလို လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
“အဓိက စစ်ကောင်စီရဲ့ အရာရှိအရာခံတွေကလုပ်တာပေါ့ ။သူတို့က ကန်ထရိုက်တွေကို လုပ်ခိုင်းတယ် ငါတို့ကိုဘယ်လောက်ပေးရမယ်ဆိုပြီးတော့ပေါ့ပွဲတစ်ပွဲဆိုရင် အနည်းဆုံး အဲဒီစစ်တပ်က ဗိုလ်ဆိုတဲ့ သူကို သိန်း ၃၀ လောက်ပေးရတယ်။ နောက်ရေတပ်၊ထွေအုပ်၊ရဲစခန်းတွေကိုလည်းပေး ရတယ် အခုလိုအချိန်မျိုးမှာ ဒီလိုတွေလုပ်တာ ပြည်သူတွေ အနေ နဲ့ လက်မခံသင့်ဘူးလို့”သူကပြောပါတယ်။
ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၄ ရက်နေ့ကတည်းကပင်စတင်ကာ မာန်အောင်မြို့နယ် အတွင်းက ပြင်ကောက်ကျေးရွာမှာ အဲဒီလောင်းကစားဝိုင်း နဲ့ ပျော်ပွဲရွှင်ပွဲတွေကို စတင်ကျင်းပနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို အလုပ်အကိုင်မရှိ တိုင်ပြည်ရေး အခြေအနေမကောင်းတဲ့ အချိန်အခါမှာ ဒီလို လောင်းကစားဝိုင်းတွေ ပြုလုပ်ပေးတာဝါ ဒေသအတွင်းက ဒေသခံပြည်သူတွေ ဆင်းရဲမွေးတည်မှုပိုမို များပြားလာအောင် နဲ့ ဒေသအတွင်း ခိုးဆိုးလုယက်မှုတွေ ပိုများလာအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာလည်းဖြစ်တယ်လို့ မာန်အောင်ဒေသခံတစ်ဦးကဆိုပါတယ်။
“အခုက အရင်းတုန်းကလို ရွာအတွက် ရံပုံငွေပွဲဆိုပြီးချတာမဟုတ်ဘူး ။ စစ်ကောင်စီတပ်တွေက ပြည်သူတွေကြားမှာ ခိုးဆိုးလုယက်မှုတွေ ပိုဖြစ်လာအောင် ဒေသအတွင်း ဆူပူလာအောင်၊နောက်တစ်ဖက်က သူတို့ကြီးပွားချမ်းသာလာအောင်ဆိုပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာဖြစ်တယ်။ဒီလုပ်ရပ်တွေကြောင့် ဒေသအတွင်းမှာ မတည်ငြိမ်မှုတွေဖြစ်လာနိုင်တယ်လို့”သူကပြောပါတယ်။
မာန်အောင်မြို့နယ်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်သလို ဒေသခံပြည်သူတွေရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားခဲ့ပါတယ်။
အဲဒီလို စားနပ်ရိက္ခာသယ်ယူခွင့် နဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်တွေကိုစစ်ကောင်စီက တားမြစ်ပိတ်ပင်ထားခဲ့တာကြောင့် ဒေသခံတွေဟာ ဝင်ငွေလမရှိတာ စားသောက်ကုန်စျေးနူန်းတွေ အဆမတန်မြင့်တက်တဲ့ ဒဏ်ကိုလည်း ရင်ဆိုင်ခံစားနေကြရပါတယ်။
အဲဒီလို ခက်ခဲနေချိန်မှာ အခုလို စစ်ကောင်စီက လောင်းကစားဝိုင်းတွေလုပ်ခွင့်ပေးထားပြီး ကန်ထရိုက်တွေရဲ့ စီစဥ်မှု နဲ့ ပျော်ပွဲရွှင်ပွဲကျင်းပတာတွေကို ဒေသခံ ပြည်သူတွေ အနေ နဲ့ လက်ခံကျင်းပတာတွေ မလုပ်စေချင်ဘူးလို့လည်း မာန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးက တောင်းဆိုပါတယ်။
“အဓိက စစ်ကောင်စီက ခွင့်ပြုတယ် လောင်းကစားနဲ့ ပျော်ပွဲရွှင်ပွဲလုပ်ခွင့်ကို ကန်ထရိုက်တွေက ဒေသခံတွေကို ရွာအတွက်ဘယ်လောက်ပေးမယ်ဆိုပြီး ရွာကို လုပ်ခိုင်းတယ်။ဒီကလည်း ဘာမှမသိလက်ခံကျင်းပကြတယ်။ကိုယ်ရတော့ နည်းနည်းသူတို့က များများ။အဲတာကြောင့် ကျမပြောချင်တာက ရွာတွေကဒီအချိန်လုပ်သင့်မလုပ်သင့် စဥ်စားဖို့လိုတယ်။ငြင်းဖို့လိုတယ်ငြင်းရင် သူတို့ လုပ်ဖို့နေရာခက်ခဲမယ် ။ဒီအချိန်မှာ ဒီလို ပွဲတွေကမလုပ်တာကောင်းတယ်။အဲတာကြောင့် အခုပျော်ပွဲရွှင်ပွဲ လုပ်မယ်လို့ လုပ်ထားတဲ့ ရွာတွေ လုပ်နေတဲ့ ရွာတွေဒီဟာတွေကို လက်ခံကျင်းပတာမျိုးမလုပ်နဲ့ လို့တောင်းဆိုချင်တယ်လို့”သူကတောင်းဆိုပါတယ်။
လက်ရှိမာန်အောင်မြို့နယ်ဟာ တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာတွေကို လုပ်ဆောင်နေတာတွေရှိနေပြီး စစ်ကောင်စီကအင်တာနက်လိုင်းတွေ နဲ့ သွားလာရေးတွေကိုပါ တားမြစ်ပိတ်ပင်ခံထားရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။