မနေ့က နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၄၇ မိနစ်လောက်မှာ စစ်ကောင်စီက ကွတ်ခိုင်မြို့ကို ဂျက်ဖိုက်တာ နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဒေသခံ ပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA ကပြောပါတယ်။
အဲဒီလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၄) အထဲကို ကျရောက်ပေါက်ကွဲပြီးတော့ ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသမီး ဒေသခံ (၃)ဦး သေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း (၁၃)ဦးတို့ဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတာဖြစ်ပါတယ်။



ဒါ့အပြင် အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် (၄)အတွင်းက နေအိမ် ၈ ဆောင်ဟာလည်း ပျက်စီးခဲ့ ရတယ်လို့ ဆိုပါတယ်။
အဲဒီလိုပဲ နိုဝင်ဘာလ (၁၇)ရက်နေ့တစ်ရက်တည်းမှာ မိုင်းငေါ့မြို့အတွင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိခဲ့ရတယ်လို့ လည်း သိရပါတယ်။
စစ်ရေး အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ လေကြောင်းကိုအသုံးပြုပြီးတော့ နေ့စဉ်ရက်ဆက် ပြည်သူ တွေ ကို ဦးတည်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူတွေ နေစဉ်ထိခိုက်သေဆုံးတာ တွေ ရှိနေကြရပါတယ်။
အဲဒီလို ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာတွေ ကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်မှုတွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေ အနေ နဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်ရှားနိုင် ဖို့ အတွက် စစ်ရေးသတိ ရှိဖို့ လိုအပ်နေသလို ပြည်သူတွေ အနေနဲ့ လူစုလူဝေးမပြုလုပ်ကြဖို့ နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။


