CNA၊ မြတ်သူ
တောင်ကုတ်မြို့အတွင်း နဲ့ မြို့အနီးဝန်းကျင်နေရာတွေမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ ဟာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ရှိနေပြီး စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနေရတယ်လို့ ဒေသခံသတင်းအရင်း အမြစ်တွေကပြောပါ။
အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မှာတောင် ကုတ်မြို့ပေါ်ရပ်ကွက်က ကမ္ဘောဇဘဏ်အနီး၊ သံတွဲလမ်းခွဆုံ၊ သိမ်တောင် နဲ့ စကခ၅ တပ်မဌာနချုပ်တွေမှာ တိုက်ပွဲ ဖြစ်ပွါးနေတာ ရှိနေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့ပေါ်က ရပ်ကွက်တချို့က နေအိမ်တွေ မီးလောင်ပျက်စီးတာတွေ ရှိနေတာလည်းဖြစ်ပါတယ်။
“တိုက်ပွဲကတော့ မြို့ထဲက ကမ္ဘောဇဘဏ်အနီး၊ သံတွဲလမ်းခွဆုံ၊ သိမ်တောင် နဲ့ စကခ၅ တပ်မဌာနချုပ် တွေမှာတိုက်ပွဲဖြစ်နေတယ်။စစ်ကောင်စီက လေကြောင်းက ပစ်ခတ်လို့ သိမ်တောင်ရပ်ကွက် က မူကြိုစာ သင်ကျောင်းကတော့ မီးလောင်နေတယ်ပြီးတော့ ကံပိုင်းရပ်ကွက်၊ဂူတာရပ်ကွက် ကိုင်းရှည်ရပ်ကွက် နဲ့ အာလိန်ငါးဆင့်ကျောင်း လမ်းမကြီး လက်ဝဲ လက်ယာ တွေမှာ မီးလောင်တာတွေ ရှိနေတယ် ။လူတွေကလည်း မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေ ရှိနေတုန်းပါပဲလို့”သူက ပြောပါတယ်။
ဒါ့အပြင် မြို့အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ဒုံကျေးရွာ၊ ကြိုးကြာကွင်းကျေးရွာ၊ ကမ်းဒေးကျေးရွာ တွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်နေတာတွေလည်းရှိသလို ရန်ခိုကွက်သစ်ကိုလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့တာတွေ ရှိနေတာကြောင့် နေအိမ်အများအပြားမီးလောင်ပျက်စီးနေရတယ်လို့ ဒေသ သတင်းအရင်းအမြစ်ကဆိုပါတယ်။
“ဒီနေ့ စစ်ကောင်စီက ရန်ခိုကျေးရွာကကွက်သစ်ရပ်ကွက်ကိုလည်း မီးရှို့လို့နေအိမ်တွေ မီးလောင်နေတယ်။ပြီးတော့ ဒုံကျေးရွာ၊ကြိူးကြာကွင်း၊ကမ်းဒေးကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေမီးလောင်တာတွေ ရှိနေတယ်။အဲဒီရန်ခိုကျေးရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ တစ်ခေါက်က လည်း ဝင်ရောက်မီးရှို့လို့ နေအိမ်တွေ မီးလောင်ပျက်စီးတာရှိခဲ့တယ်လို့”သူကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီက လေ ကြောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကိုင်းရှည်ရပ်ကွက် အနီးက မိုးတန်း တောင်မှာ ရှိတဲ့ ဖုန်းတာဝါတိုင်ကို ထိမှန်ခဲ့တာကြောင့် ဖုန်းတာဝါတိုင်ဟာလည်း ပျက်စီးသွားခဲ့ရပါတယ်။
တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းကပင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ပန်းမြောက်တောင် နဲ့ အာလိန်ငါးဆင့်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခံစစ်တပ်စခန်းတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အာရက္ခတပ်တော် အေအေဟာ တောင်ကုတ်မြို့ အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ စကခ ၅ တပ်မဌာနချုပ် နဲ့ ခမရ ၃၄၆, ၅၄၄ တပ်ရင်းတွေကို ဒရုန်းတွေ၊ရှော့တိုက်ဒုံးတွေ နဲ့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ဆက်လက်လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။