
လူဦးရေ နဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒီနှစ်ကုန် အတွင်းမှာ အပြီးသတ်ကောက်ယူနိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
စစ်ကောင်စီဟာ အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိကောက်ယူသွားမယ်လို့ ကြေညာခဲ့ပေမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းမကောက်ယူနိုင်သေးတဲ့ နေရာတွေကိုတော့ အောက်တိုဘာလ ကုန်အထိဆက်လက်ကောက်ယူသွားဖို့ကို ကြေညာခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေ နဲ့ နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ကို ကောက်ယူနိုင်ခဲ့ပြီးဖြစ်သလို ကျန်နေသေးတဲ့ နေရာတွေကိုလည်း အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးအထိရရှိအောင် ဆက်လက် ကောက်ယူနေတာတွေ လုပ်ဆောင်နေပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ အပြီးသတ်ကောက်ယူနိုင်မှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထပ်မံထည့်သွင်းပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ကို မဲမသာမာမှုတွေ ရှိခဲ့တယ်ဆိုပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ပြီးတော့ အာဏာသိမ်းယူမှုကို လုပ်ဆောင်ပြီးနောက်မှာ စစ်ကောင်စီအနေနဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အတွက်အပြင်းအထန်ပြင်ဆင်လာနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိလာမည့် ၂၀၂၅ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ နဲ့ မဲအမှားတွေ မရှိရအောင်စစ်ကောင်စီအနေ နဲ့အဓိကလုပ်ဆောင်နေပြီး အချိုးကျကိုယ်စားပြုစ်နစ် (PR) စနစ် နဲ့ ဒီရွေးကောက်ပွဲကို ကျင်းပပေးသွားမှာ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
ဒါပေမယ့် မြန်မာပြည်သူ တစ်ရပ်လုံးကတော့ စစ်ခေါင်ဆောင်မင်းအောင်လှိုင်ပြောဆိုနေတဲ့ စကားတွေကို အယုံအကြည်လည်းမရှိသလို လက်ရှိလာမယ့် ၂၀၂၅ ရွေးကောက်ပွဲကို ကန့်ကွက်မှုတွေ ရှိနေသလို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ကိုသာ ပြန်လည်အကောင်အထည်ဖော်ပေးဖို့ကိုလည်းပြည်သူတွေက လိုလားနေကြတာ ဖြစ်ပါတယ်။