
CNA၊ဟိန်းထက်။
မကွေးကနေပြီးတော့ အမ်းမြို့တိုက်ပွဲအတွင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက အမ်း နဲ့ ၂ မိုင်ခန့်အကွာ ရိုးလမ်းမမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ရာနဲ့ ချီသေဆုံးမှုရှိနေတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။
စစ်အင်အား ၄၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ခုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း ကပင် အမ်းမြို့နယ် အတွင်းကို စစ်ကူလာရောက်နေတာဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အမ်းနဲ့ ၂ မိုင်ခန့်အကွာ လတ်ကိုရိုး ( ဒေသအခေါ်)ဆိုတဲ့ နေရာကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်ရဲ့ ရာနဲ့ ချီတဲ့ တပ်ဖွဲ့ဝင်တွေဟာ ထိခိုက်ကျရှုံးမှုတွေများစွာရှိနေတာဖြစ်တယ်လို့ အဲဒီဒေသ သတင်းအရင်းအ မြစ်ကပြောပါတယ်။
” အဲဒီ(လတ်ကိုရိုး)ဆိုတဲ့နေရာမှာ စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ဟိုဘက်ဒီဘက်ပိတ်ပြီးတော့ တိုက်ခိုက်ခံရတာ။အင်အားကတော့ ၄၀၀ ဝန်းကျင်လောက်ပါတယ်သိရတယ်။အခု စစ်ကောင်စီတပ်သားတွေက ထွက်လို့မရတော့ ရာနဲ့ချီပြီးသေတာရှိတယ်။တချို့ကတော့ လက်နက်ချပြီး အဖမ်းခံတာတွေလည်းရှိတယ်။တိုက်ပွဲကတော့ ဒီနေ့လည်း ဖြစ်တုန်းပဲ အဲဒီနေရာမှာကလို့ “သူကပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ အမ်းမြို့ကို ၉၀ ရာခိုင်နူန်းသိမ်းပိုက်ထားပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကိုအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ လေကြောင်းက စစ်ကူပို့မရတော့တာကြောင့် ကုန်း ကြောင်းကနေ နပခ ဌာနချုပ်ကိုကာကွယ်ဖို့အတွက် စစ်ကူပို့လာတာလည်း ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းမှာ ပါလာတဲ့ စစ်ကောင်စီတပ်သားအများစုဟာ ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းထွက်လာကြတဲ့ တပ်ဖွဲ့ဝင်တွေ အများစုပါတဲ့ စစ်ကြောင်းဖြစ်ပြီး ကြားညှပ်တိုက်ခိုက်ခံနေရတာကြောင့် အဲဒီစစ်ကြောင်းမှာပါလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အမ်းကို ရောက်ရှိမှာမဟုတ်ပဲ လမ်းမှာပဲ အကုန်လုံးသေဆုံးသွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သူကဆိုပါတယ်။
“အခုစစ်ကြောင်းက သေနတ်ပစ်တတ်ယုံလောက်နဲ့ ရှေ့တန်းထွက်လာရတဲ့ စစ်ကြောင်း ရက်တိုသင်တန်းဆင်းလာတဲ့ စစ်သားတွေ အများကြီးပါတယ်။ဒီပုံအတိုင်းဆိုရင် သူတို့က ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရ နဲ့ အကုန်သေကုန်မယ့်အနေအထားမှာရှိနေတယ်။လက်နက်ချအညံ့ခံရင်တော့ အသက်ချမ်းသာရာ ရနိုင်တယ်လို့” သူကပြောပါတယ်။
အာရက္ခတပ်တော်ဟာ အမ်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း အမြောက်အများကိုသိမ်းပိုက်ရရှိထားပြီးနောက်မှာတော့ ကျန်ရှိနေသေးတဲ့ အမ်း နပခ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့မှာလည်း အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိနေတယ်လို့ စစ်ရေး သတင်းအရင်းအမြစ်တွေကပြောဆိုကြပါတယ်။