CNA၊ ဖီးနစ်၊ဂူးဂူး။
တောင်ကုတ်မြို့တစ်ခုလုံးကို စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်မှာ ရှိတဲ့ ရပ်ကွက်တော်တော် များများ မီးလောင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
“ညဈေးတန်း တစ်ခုလုံး မီးလောင်နေတယ် အိမ်တွေလည်းတော်တော်ပါသွားတယ်။ နန်းတော်ဦးဘေးနားက ရွှေအိုးကြီးလဖက်ရည်ဆိုင်တန်းတစ်တန်းလုံးပါသွားတယ်။ ပြီးတော့ ရခိုင်သီချင်းတွေဆိုတဲ့ မြတ်သင်းသင်းကျော်တို့အိမ်လည်း မီးထဲမှာ ပါသွားတယ်။မြို့တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးသွားရတာပါ။ တစ်သက်လုံးရှာထားသမျှ နဲ့ဆောက်ထားတဲ့အိမ်လေးပြာကျသွားပြီလို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။
တောင်ကုတ်မြို့တစ်ခုလုံးကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တောင်ကုတ်မြို့ သိမ်တောင် ဘောလုံးကွင်း နဲ့ ကျောင်းကြီးကြားဖက်အခြမ်းက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေ မီးလောင် ပျက်စီးတာ ရှိခဲ့သလို တောင်ကုတ်ရဲစခန်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းအတွင်းက အဆောက်အဦးများစွာ မီးလောင်ပျက်စီးတာတွေ ရှိခဲ့ရပါတယ်။
စစ်ကောင်စီဟာ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့တွေ၊ဈေးတွေ ၊ကျေးရွာတွေကို၊ဘာသာရေးအဆောက်အဦးတွေ သမိုင်းဝင်နေရာတွေ၊လမ်းတံတားတွေကို လေကြောင်းကနေဗုံးကြဲ ဖျက်ဆီးတာ၊မိုင်းထောင်ဖောက်ခွဲတာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ဖျက်ဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်တာတွေ ရှိခဲ့ပြီး အခုမှာလည်း တောက်ကုတ်မြို့တစ်ခုလုံးကို စစ်ကောင်စီက ဖျက်ဆီးဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။
“အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတော်တော်များများက စစ်ကောင်စီလက်ကနေပြီးတော့ အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်တဲ့နေရာတွေ ဖြစ်တယ်။တိုက်ပွဲလည်းမရှိဘူး အခုက တိုက်ပွဲဖြစ်နေတဲ့နေရာတွေက စကခ – ၅ အပါအဝင် ခမရ – ၃၄၆၊ခမရ – ၅၄၄ တပ်ရင်းတွေမှာဖြစ်နေတာ။သူတို့က သူတို့ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ နေရာတွေ အငြိုးနဲ့ဗုံးကြဲဖျက်ဆီးနေတာလို့။ အရင်က သံတွဲတို့ ၊ရမ်းဗြဲတို့ပြီးတော့ မြောက်ပိုင်းက အာရက္ခတပ်တော်က သိမ်းပိုက်တဲ့ နေရာတွေမှာလည်း အဲဒီလို လုပ်ခဲ့တာ အခုလည်း အဲဒီအတိုင်း တောင်ကုတ်ကိုလုပ်နေတာလို့”သူကပြောပါတယ်။
စစ်ကောင်စီဟာ တောင်ကုတ်မြို့နယ် အတွင်းမှာ တိုက်ပွဲ စတင်မဖြစ်ပွါးခင်ကတည်းကပင် တောင်ကုတ်မြို့နယ် အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု မကြာခဏဆိုသလို လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာအတော်များများက နေအိမ်တွေ ပျက်စီးတာရှိနေသလို အရပ်သား ပြည်သူတွေ သေဆုံးဒဏ်ရာ ရရှိမှုဟာလည်း များစွာ ရှိခဲ့ကြရပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော်ဟာကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်ကြတဲ့ စကခ – ၅ အပါအဝင် ခမရ – ၃၄၆၊ခမရ – ၅၄၄ တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အဲဒီတပ်စခန်းတွေကို လက်မလွတ်ရေးအတွက် လေကြောင်းတိုက်ခိုက်တာကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာလည်း ရှိနေတယ်လို့ ဆိုပါတယ်။