Home သတင်း စစ်ရေး တောင်ကုတ်မှာ စကခ – ၅ လက်အောက်ခံ စစ်ကောင်စီတပ်ရင်း ၂ရင်းအလံဖြူထောင်လက်နက်ချ

တောင်ကုတ်မှာ စကခ – ၅ လက်အောက်ခံ စစ်ကောင်စီတပ်ရင်း ၂ရင်းအလံဖြူထောင်လက်နက်ချ

133
0
ပုံ၊ယခင်က အာရက္ခတပ်တော်ဆီမှာ လက်နက်ချ အညံ့ ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ပုံဟောင်း

CNA၊မြတ်သူ၊ဂူးဂူး။

တောင်ကုတ်မြို့ အတွင်က စစ်ကောင်စီရဲ့ စကခ – ၅ လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့ ခမရ – ၃၄၆၊ခမရ – ၅၄၄ တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၄၀၀ နီးပါးဟာ ဒီနေ့ မနက်ပိုင်းမှာ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံခဲ့တာ ဟုတ်တယ်လို့ တောင်ကုတ်မြို့ စစ်ရေး သတင်း အရင်းအမြစ်က ဒီနေ့ နေ့လယ် မှာ CNA ကိုအတည်ပြုပြောပါတယ်။

အာရက္ခတပ်တော် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညကတည်းကပင် အဲဒီစစ်ကောင်စီရဲ့ စကခ – ၅ ဌာနချုပ် နဲ့ ခမရ – ၃၄၆၊ခမရ – ၅၄၄ တပ်ရင်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ လုပ်ဆောင်ခဲ့ပြီး နောက် ဒီနေ့မနက် မှာတော့ ခမရ – ၃၄၆၊ခမရ – ၅၄၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်လောက်ဟာ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အလံဖြူထောင်ပြီးတော့ လက်နက်ချတာဟုတ်ပါတယ်။ပါဝင်တဲ့ အရေအတွက် အတွက်ကတော့ တပ်ဖွဲ့ဝင် ၄၀၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ် မိသားစု တွေလည်းပါတော့ စုစုပေါင်း ၇၀၀ လောက်ရှိမယ်ထင်တယ်။ လူဦးရေ အရေအတွက်ကိုတော့ စစ်ဆေးနေတုန်းပါ။ အတိအကျ အတည်ပြုချက်ကတော့ အခုမရနိုင်သေးပါဘူးလို့”သူကပြောပါတယ်။

ဒါ့အပြင် အဲဒီတပ်ရင်းတွေထဲက လက်နက်ချ အညံမခံပဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့လည်းရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေဟာ စကခ – ၅ ဌာနချုပ်မှာ ရှိနေတဲ့ တပ်ရင်းတွေနဲ့ ပူးပေါင်းသွားတာ ရှိပြီး လက်ရှိမှာလည်း အာရက္ခတပ်တော်က စကခ – ၅ ကို လက်နက်ချ အညံ့ခံကြဖို့ သတိပေးထားတာရှိနေတယ်လို့ ဆိုပါတယ်။

“အခုက စကခ – ၅ ကိုလည်း လက်နက်ချ အညံ့ခံဖို့ သတိပေးထားတယ်။လောလောဆယ်မှာတော့ သူတို့လည်း စဉ်းစားတုန်းရှိနေမယ်။မနက်ဖြန်လောက်ဆိုရင်တော့ တစ်ခုခု ထပ်ပြီးတော့ ထူးခြားမယ့် အနေအထားမှာတော့ ရှိနေတယ်။တိုက်ပွဲကတော့ အခု နည်းနည်း ငြိမ်သက်နေတယ်လို့”သူကဆိုပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ တောင်ကုတ်မြို့မ ရဲစခန်း အပါအဝင် နေရာတော်တော်များများကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်စစ်ကောင်စီဟာ တောင်ကုတ်မြို့တစ်ခုလုံးကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် တောင်ကုတ်မြို့ပေါ်ရပ်ကွက်တွေက လူနေအိမ်တော်တော်များများဟာ မီးလောင်ပျက်စီးတာတွေ ရှိခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here