Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ဂွမြို့မှာ တစ်ရက်အတွင်းကျေးရွာ ၃ ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၇ ဦးသေဆုံး

ဂွမြို့မှာ တစ်ရက်အတွင်းကျေးရွာ ၃ ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၇ ဦးသေဆုံး

64
0
ပုံ၊စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရွှေဦးကွင်းကျေးရွာမြင်ကွင်း။Google

CNA၊မြတ်သူ။

ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ ရဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ် အတွင်းက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အဲဒီလိုစစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာတွေကတော့ ဂွမြို့နယ် အတွင်းက ရွှေဦးကွင်းရွာ၊ ဇီးကုန်းကျေးရွာ နဲ့ ရမ္မာကျွန်းရွာတွေဖြစ်ကြပြီး အဲဒီကျေးရွာ ၃ ရွာကို စစ်ကောင်စီက တစ်ရက်တည်းမှာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှု အတွင်းမှာ သေဆုံးသွားခဲ့ရတဲ့ ဒေသခံပြည်သူ ၇ ဦးကတော့ ရွှေဦးကွင် ကျေးရွာက အသက် ၄၂ နှစ်အရွယ် ဦးမြင့်ကြိုင် ၊အသက် ၅၈ နှစ်အရွယ် ဦးဇော်လင်း၊ အသက် ၆၀ အရွယ် ဒေါ်အုန်းကြည် ၊ အသက် ၈၀ အရွယ် ဒေါ်ပွါးကြည်၊အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သောတာထွေး နဲ့ဇီးကုန်းကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုမောင်မောင် နဲ့ ရမ္မာကျွန်းကျေးရွာက အသက် ၄၇ နှစ်အရွယ် ဦးတူးမောင်မောင်တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“တစ်ရက်တည်းမှာ ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲလို့ သေခဲ့ရတာပါ။အဲဒီဖက်အခြမ်း ဖုန်းလိုင်းတွေ မရတော့ ဆက်သွယ်ရေးခက်ခဲနေလို့ ဒီနေ့မှ စာရင်းရတာပါလို့” ဒေသ သတင်းအရင်းအမြစ်ကပြောပါတယ်။

ဂွမြို့နယ် အတွင်းက စစ်မြေပြင်မှာ စစ်ရေး အရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြီးခဲတဲ့ နိုဝင်ဘာလ ၂၄ ရက် နဲ့ ၂၇ ရက်နေ့တွေကလည်း ကင်ပုံကျေးရွာ နဲ့ ရွှေတွင်းတူးကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အဲဒီကျေးရွာတွေ အတွင်းက ဘာသာရေးအဆောက်အဦးတွေ နဲ့ဒေသခံပြည်သူပိုင်နေအိမ်တွေ အများအပြား ပျက်စီးတာတွေ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“ဂွမှာက ဒီရက်ပိုင်းအတွင်းမှာလည်းလေကြောင်းတိုက်ခိုက်တာတွေကိုက ဆက်တိုက်လုပ်နေတာတွေ ရှိတယ်။ အဲဒီ ကင်ပုံကျေးရွာ နဲ့ ရွှေတွင်းတူးရွာတွေကိုလည်း ကင်းပုံရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်မဆုတ်ခင်နေ့မှ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘာသာရေး အဆေက်အဦးတွေ နေအိမ်တွေ အများအပြားမီးလောင်တာတွေ ရှိခဲ့တယ်။အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့”ဆိုပါတယ်။

ဒါ့အပြင် ကင်းပုံကျေးရွာက တပ်ဆုတ်ထွက်ခွါသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကင်းပုံကျေးရွာ တံတားကိုလည်း မိုင်းခွဲ ဖျက်ဆီးခဲ့တာ ရှိခဲ့တယ်ဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ဂွမြို့ နဲ့ ၆ မိုင်ခန့်အကွာမှာရှိတဲ့ အလယ်ချောင်းကျေးရွာ အနီးကိုရောက်ရှိလာပြီး နောက် အဲဒီအနီးတဝိုက်မှာ ဆက်လက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဂွမြို့ဒေသခံတွေကပြောပါတယ်။

အဲဒီလိုအာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဂွမြို့နဲ့နီးကပ်လာတဲ့အတွက် စစ်ကောင်စီဘက်ကလည်း ဂွမြို့နယ်အတွင်းမှာရှိတဲ့ စစ်စခန်းတွေကို အခိုင်အမာတည်ဆောက်တာ၊လက်နက်အသစ်တွေ ထပ်မံတိုးချဲ့တပ်ဆင်တာနဲ့ တိုက်ပွဲဖြစ်နေတဲ့ အလယ်ချောင်းရွာအနီးကို လက်နက်ကြီးပစ်ကူပေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here