CNA ၊ဟိန်းထက်။
အမ်း နဲ့ တောင်ကုတ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ မြေပြင်တပ်သားတွေ မရှိတဲ့ အတွက် လေကြောင်းပစ်ကူပေးတိုက်ခိုက်တာတွေ ကိုသာ လုပ်ဆောင်နေရတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
အာရက္ခတပ်တော် ဟာ အမ်းမြို့နယ် အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ နဲ့ တောင်ကုတ် မြို့နယ် အတွင်းက စကခ – ၅ ကိုပါအပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရှိနေပြီး အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်တဲ့နေရာမှာ စစ်ကောင်စီက မြေပြင်တိုက်ခိုက်ရေး တပ်သား မရှိတာကြောင့် လေကြောင်း ပစ်ကူ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာတွေကိုသာ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုက စစ်ကောင်စီမှာက မြေပြင်တိုက်ခိုက်ရေး တပ်သားတွေ မရှိတဲ့ အခါမှာ လေကြောင်း ပစ်ကူ နဲ့ တိုက်ခိုက်နေရတယ်။စစ်ကူတွေကလည်းမရောက်နိုင် ဒဏ်ရာရတပ်သားတွေကိုလည်း ဆေးမကုပေးနိုင်။ပြီးတော့ အခုက သူတို့မှာက ရိက္ခာလည်း မပို့နိုင်တော့ဘူးဆိုတဲ့ အခါ တပ်သားတွေကလည်းထွက်ပြေးတာ လက်နက်ချ အညံ့ခံတာများလာတော့ သူတို့ တပ်စခန်းတွေမှာ မြေပြင်တပ်သားတွေ မရှိတော့တာ ဖြစ်တယ်လို့” အမ်းမြို့တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်းအား ၄၀၀ ဝန်ကျင်ပါတဲ့ စစ်ကြောင်းတစ်ခုကို စစ်ကောင်စီက အမ်းမြို့တိုက်ပွဲအတွင်းကို စစ်ကူအင်အား ပေးပို့တာတွေ ရှိခဲ့ပေမယ့် အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက အမ်းမြို့ နဲ့ ၂ မိုင်ခန့် အကွာက ရိုးလမ်းမ ပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီ စစ်ကြောင်း တစ်ခုလုံးဟာ သေဆုံးတာ ၊လက်နက်ချ အညံ့ခံတာ နဲ့ ထွက်ပြေးတာတွေများစွားရှိခဲ့တဲ့ အတွက် အမ်းမြို့အတွင်းကို မရောက်ရှိနိုင်ခဲ့ဘူးလို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီဟာ အမ်း နဲ့ တောင်ကုတ်မြို့တွေမှာ အာရက္ခတပ်တော် အေအေက သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ တပ်စခန်းတွေကို မသိမ်းပိုက်နိုင်ရေး အတွက် ကျန်ရှိနေသေး တဲ့ အင်အားအနည်းငယ် နဲ့ ခုခံပြီး လေကြောင်း ပစ်ကူ အမြောက်အများ နဲ့ တိုက်ခိုက်ကာခုခံနေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အဲဒီလို လေကြောင်း ပစ်ကူပေး တိုက်ခိုက်တဲ့နေရာမှာလည်း အာရက္ခတပ်တော် တစ်ခုတည်းကို ဦးတည်တိုက်ခိုက်တာမဟုတ်ပဲ ရခိုင်ဒေသခံပြည်သူတွေ ကို ဦးတည်တိုက်ခိုက်တာမျိုးကို လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာ၊နေအိမ်တွေ များစွာ မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ တောင်ကုတ်မြို့ စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
“စစ်ကောင်စီအခုတိုက်ခိုက်တာက အေအေ ကိုတိုက်ခိုက်တာမျိုးမဟုတ်တော့ဘူး ပြည်သူတွေ နဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတိုက်ခိုက်နေတာလို့ မြင်တယ်။မနေ့ကလည်း တောင်ကုတ်မြို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ် တောင်ကုတ်မြို့ပေါ်က နေအိမ်တွေ ဟိုတယ်တွေ အကုန်မီးလောင်ပျက်စီးတယ်။တိုက်ပွဲဖြစ်တာက စကခ – ၅ မှာ ဖြစ်နေတာ အဲဒါကို အဲဒီနေရာကို သွားမပစ်ပဲ မြို့ထဲက နေရာတွေကို ဗုံးလိုက်ကြဲနေတယ်။ဒါက စစ်တိုက်တာ မဟုတ်တော့ဘူး မြို့ရွာတွေကို ဖျက်ဆီးနေတာလို့ မြင်တယ်လို့”သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲစတင်ခဲ့ ပြီး တစ်နှစ်တာ အတွင်းမှာ ရခိုင်ပြည်နယ်က မြို့နယ် ၁ဝခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AAဘက်က သိမ်းပိုက်ရရှိထားခဲ့ပြီး အမ်း၊တောင်ကုတ်၊ဂွ နဲ့ မောင်တော မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိနိုင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းနေကြပါတယ်။
ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိသေးတဲ့ မာန်အောင် အပါအဝင် ၊ကျောက်ဖြူ၊စစ်တွေ စတဲ့မြို့နယ်တွေကိုလည်း အာရက္ခတပ်တော်က ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။