ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့လိုလားတယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) စစ်ရေးကော်မတီက ဒီကနေ့ ဒီဇင်ဘာ ၃ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လာပါတယ်။
စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထုရဲ့ အကျိုးကို ငဲ့ညှာထောက်ထားဖို့၊တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကိုလက်တွေ့ကျကျဖော်ဆောင်ဖို့အတွက် အချက် ၅ချက်ပါထုတ်ပြန်ချက်ကို MNDAAက ပူးတွဲထုတ်ပြန်လာတာဖြစ်ပါတယ်။
အဆိုပါအချက်တွေထဲမှာ ပထမအချက်အနေနဲ့ MNDAAဟာ နိုင်ငံတော်ကခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မှာမဟုတ်ပဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာ တောင်းဆိုတာဖြစ်သလို၊ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ်လို့ဆိုပါတယ်။
ဒုတိယအချက်အနေနဲ့ ဒီကနေ့ကစပြီး MNDAA တပ်တွေ ရောက်ရာနေရာမှာ ချက်ချင်းအပစ်အခတ်ရက်စဲပြီး စစ်ကောင်စီတပ်တွေကို အစပြုထိုးစစ်ဆင်တိုက်ခိုက်တော့မှာမဟုတ်ဘူးလို့အသိပေးထားပါတယ်။
တရုတ်ပြည်သူ့ MN သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပြီး MNDAAအနေနဲ့လည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တတိယအချက်အနေနဲ့ စစ်ကောင်စီဘက်က မြန်မာနိုင်ငံနေရာအနှံ့မှာ ဖော်ဆောင်နေတဲ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးရမယ်လို့ ဖော်ပြထားပါတယ်။
စတုတ္ထအချက်အနေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ MNDAA က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားက ပဋိပက္ခနဲ့ အမြင်သဘောထားကွဲလွဲမှုတွေက်ု နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပဉ္စမအချက်အနေနဲ့ကတော့ MNDAA ဟာ နိုင်ငံရေးနည်းလမ်းကိုအားပေးထောက်ခံပေမယ့် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ယခင်နည်းတူဆက်လက်စွဲကိုင်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက MNDAAခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်ဘက်က အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးမြို့ကနေ MNDAAတပ်တွေပြန်ဆုတ်ပေးဖို့ ဖိအားပေးထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
တရုတ်ဘက်ကတော့ ဒီသတင်းတွေအပေါ်ငြင်းဆိုထားပြီး MNDAAခေါင်းဆောင်ဟာ ဆေးကုသမှု ခံယူနေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အခြေစိုက်တဲ့ လားရှိုးမြို့ကို ဩဂုတ်လဆန်းပိုင်းမှာ MNDAAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း၊ လားရှိူးကနေ MNDAAတပ်တွေပြန်ဆုတ်ပေးဖို့ တရုတ်ဘက်က ဖိအားပေးနေပါတယ်။