မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းမပေါ်မှာ စစ်ကောင်နဲ့ PRA-Magwayတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်က ၉ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ PRA-Magwayက ထုတ်ပြန်လာပါတယ်။
မနေ့ ဒီဇင်ဘာ ၄ရက်၊ နေ့လည် ၁နာရီဝန်းကျင်လောက်မှာ အမ်း-ပဒါန်းလမ်းမပေါ်က စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ ရိက္ခာစစ်ကား ၃စီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ခန့်ကို အရင်ဆုံး ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲ ၁၀မိနစ်ဝန်းကျင်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရိက္ခာကား ၂စီးပျက်စီးခဲ့သလို တပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမအပတ်အတွင်းမှာတင် စစ်ကောင်စီရဲ့ အင်အား ၅၀ နီးပါးခန့်ကို ချေမှုန်းနိုင်ခဲ့သလို လက်နက်ငယ် ၈ လက်၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိထားပြီးဖြစ်တယ်လို့လည်း PRA-Magwayကအသိပေးထားပါတယ်။



ဒါ့အပြင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ-အမ်း) ကနေ စစ်ရှုးလိုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ပြေးတွေကို PRA-Magwayက ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း နယ်မြေအများအပြားကိုလက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် – နပခ တည်ရှိရာ အမ်းမြို့ဘက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မကွေးတိုင်းဘက်ကနေ စစ်ကူအင်အား ၄၀၀ခန့် ပေးပို့ခဲ့ပါသေးတယ်။
ဒါပေမယ့် အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အဆိုပါ စစ်ကြောင်းဟာ အမ်းမြို နဲ့ ၂ မိုင်ခန့် အကွာမှာတင် သေဆုံးတာ၊ လက်နက်ချအညံ့ခံတာနဲ့ ထွက်ပြေးတာတွေရှိခဲ့ပြီး အမ်းမြို့အတွင်းကို မရောက်ရှိခဲ့ပါဘူး။
လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ နပခ-အမ်းနဲ့ တောင်ကုတ်မြို့က စကခ – ၅တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး၊ စစ်ကောင်စီဘက်ကတော့ တပ်သားအင်အားနည်းပါးနေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကိုသာ အဓိကလုပ်ဆောင်နေရတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။