CNA၊မြတ်သူ။
တောက်ကုတ်မြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) က လက်နက်ချအညံမခံပဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော်က လိုက်လံရှင်းလင်းခဲ့ရာမှာ ဗိုလ်ကြီးအဆင့် ရှိသူ ၂ ဦး နဲ့ တပ်သား ၂၀ကျော်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ အဲဒီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညကတည်းကပင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်အကြာတိုက်ခိုက်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို သိမ်းပိုက် ရရှိချိန်မှာ စစ်ကောင်စီတပ်သား ၁၀၀ ကျော်လောက်ဟာ လက်နက်ချ အညံ့ခံတာတွေ ရှိခဲ့ပေမယ့် ကျန်တဲ့ စစ်ကောင်စီအရာရှိတချို့ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ လက်နက်ချအညံ့မခံပဲ ရိုးလမ်းတလျှောက် နဲ့ ဦးကျောက်တောင်ပိုင်ဆိုင်တဲ့ သင်္ဘောဒေါင့်ကျင်း တဝိုက်ကို ထွက် ပြေးသွားခဲ့တာတွေ ရှိပြီး အဲဒီထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို မနေ့က အာရက္ခတပ်တော်က လိုက်လံရှင်းလင်းရာမှာ ဗိုလ်ကြီးအဆင့် ရှိသူ ၂ ဦး နဲ့ တပ်သား ၂၀ကျော်ကို ရှင်းလင်းနိုင်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။
“မနေ့က ထွက်ပြေးတဲ့ အကောင်တွေကို အာရက္ခတပ်တော်က လိုက်ပြီးတော့ ရှင်းလင်းတော့ ကျောက်တံခါး အနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်တယ် ဖြစ်တော့ အဲဒီမှာ ဗိုလ်ကြီး အဆင့်ရှိသူ ၂ ဦး နဲ့ တပ်သား ၂၀ ကျော်ကို အသေဖမ်းဆီးရမိခဲ့တယ်။နောက်ထပ် အကြီးပိုင်းတချို့က ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ် အဲဒီ အကောင်တွေကိုလည်း လိုက်ပြီးတော့ ရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ “သူကပြောပါတယ်။
ဒီနေ့မှာလည်း အဲဒီထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အာရက္ခတပ်တော်က လိုက်လံရှင်းလင်းတာတွေကို လုပ်ဆောင်နေပြီး စစ်ကောင်စီက လည်း စစ်ပွဲ မရှိတော့တဲ့ တောင်ကုတ်မြို့ အတွင်းက ကျေးရွာ ရပ်ကွက်တွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာ ရှိနေတယ်လို့ စစ်ရေး သတင်း အရင်းအမြစ်ကပြောပါတယ်။
“ဒီနေ့လည်း လွတ်နေတဲ့ အကောင်တွေကို ရှင်းလင်းတာတွေ ဆက်လုပ်နေတယ် စစ်ကောင်စီကတော့ တောင်ကုတ်မြို့ပေါ် နဲ့ ဆားပြင်ကျေးရွာကို လေကြောင်းဆက်တိုက်ခိုက်တာတွေ လုပ်နေတယ်။ပျက်စီးမှုအခြေအနေ နဲ့ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး။အဲဒီနေရာတွေမှာကတော့ တိုက်ပွဲတွေ မရှိတော့ဘူး။ဒါပေမယ့် စစ်ကောင်စီက မြို့ရွာပျက်စီးစေရေး နဲ့ ပြည်သူတွေ သေခိုက်သေဆုံးရေး ဆိုတဲ့ ဦးတည်ချက် နဲ့ လုပ်နေတယ်လို့” သူကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့ကစတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာအာရက္ခတပ်တော် ပလက်ဝဒေသအပါအဝင် ရခိုင်က မြို့နယ် ၁၃ခုကို စစ်ကောင်စီ လက်ကနေအပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ပါတယ်။
လက်ရှိမှာလည်း အမ်း နဲ့ ဂွမြို့နယ်တွေကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိနေသလို စစ်ပွဲ မဖြစ်ပွါးပဲ ကျန်နေသေးတဲ့ မာန်အောင်၊ကျောက်ဖြူ နဲ့ စစ်တွေမြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီဖက်ကလည်း အဲဒီကျန်ရှိနေသေးတဲ့ မာန်အောင်၊ကျောက်ဖြူ နဲ့ စစ်တွေ မြို့နယ်တွေ မကျရှုံးစေရေးအတွက် စစ်အင်အားဖြည့်တင်းတာ၊စစ်စခန်းတွေအခိုင်အမာတည်ဆောက်တာ၊လက်နက်ကြီးတွေ တပ်ဆင်တာတွေအပြင် အရပ်သားပြည်သူတွေကိုတွေကိုလည်း လူသားဒိုင်းကာ အနေ နဲ့ အသုံးပြုလို့ ရအောင် သွားလာခွင့်တွေ နဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေကိုပါ အကုန်ဖြတ်တောက် ပိတ်ဆို့ထားပါတယ်။